ငွေကြေးအကျပ်အတည်းကြားမှ မိဘနှင့်သားသမီး (သို့မဟုတ်) အောက်ခြေ ပြည်သူများ၏ ဘဝ

ပို့စ်တင်ချိန် - 12/13/2013 07:41:00 PM

မြန်မာနိုင်ငံရှိ အရွယ် မရောက်မီ လူငယ်များကြား ငွေကြေး အလွန်အကျွံ သုံးစွဲရာမှ ဆေးလိပ်သောက်သူ လူငယ် ၈၀ ရာခိုင်နှုန်း ကျော်ထိ တိုးမြင့် လာသည်ဟု မြန်မာနိုင်ငံ ဆေးသုတေသန ဆိုင်ရာ အသင်းများ ၏ မှတ်တမ်း များတွင် ဖော်ပြထားသည်။

အရွယ်မရောက်မီ လူငယ် အများစုသည် ငွေကြေးသုံးစွဲခြင်းကို ကိုင်တွယ်နိုင်ပြီး ၎င်းတို့လူငယ် စိတ် သဘောထား အရ စူးစမ်း ချင်စရာ များကို ထောက်ပံ့ပေးနိုင်သော ငွေကြေး လက်နက် ရှိပြီး ဖြစ်သည်။ ချမ်းသာသော မိသားစုမှ မွေးဖွားလာသည့် လူငယ်များသည် နှစ်ဖက်မိဘများ၏ အလိုလိုက်မှု၊ ချစ်ခင်မှုများကြား လိုအပ်သလို ထောက်ပံ့ ပေးနိုင်သည့်အတွက် ကျောင်းနေ အရွယ်မှစ၍ ငွေကြေးကိုင်တွယ် သုံးစွဲတတ်လာသည်။

ဆင်းရဲနွမ်းပါးသည့် မိသားစုမှ မွေးဖွားလာသည့် လူငယ်များသည် မိဘများက စားဝတ်နေရေး ပြေလည်စေရန် အလုပ်ကို အချိန်ပေး ရုန်းကန်နေရသဖြင့် မိမိ ကလေးအား မုန့်ဖိုးပေးကာ လျစ်လျူရှုတတ်ကြသည်။ တချို့သော ဆင်းရဲနွမ်းပါးလှသည့် မိသားစုများတွင် မိဘနှစ်ပါးသာမက ကလေးငယ်များကပါ အလုပ်လုပ် ကိုင်နေကြရသဖြင့် ကလေးများငွေကြေး သုံးစွဲမှုကို သိရှိလာစေ … သည်။

ကလေးငယ်များနှင့်အရွယ် မရောက်မီ လူငယ်အများစုအနက်မှ မိဘနှင့်သားသမီးကြား လူနေမှု ဆက်ဆံရေး နွေးထွေးစေသူများနှင့် ငွေကြေးသုံးစွဲခွင့် ပိတ်ပင်ခံရသော မိသားစုများမှ မွေးဖွားလာသူများသည် ပျက်စီးမှု နည်းသည်ကို တွေ့ရပြီး မိဘနှင့် သားသမီးကြား လျစ်လျူရှုမှုများ တွေ့ကြုံရသူနှင့် မိသားစု စားဝတ်နေရေးအရ ကျောင်းနေအရွယ် ကလေးများဝင် ငွေတစ်ဖက် တစ်လမ်းမှ ရှာဖွေနေသူများသည် ပျက်စီးလွယ်သည်ကို ကလေးစိတ် ပညာရှင် လေ့လာသူများက တွေ့ရှိကြသည်။

ထို့ကြောင့် အရွယ်မရောက်မီ ဆေးလိပ်သောက်သုံးခြင်း၊ ကွမ်းစားသုံးခြင်း၊ အရက်သေစာ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းများတွင် လူငယ်အများစု ကျောင်းနေအရွယ်မှ စတင်စူးစမ်းသည့် အရာသည် ဆေးလိပ် သောက်သုံးခြင်း ဖြစ်သည်။ ကလေးငယ်များကို မုန့်ဖိုး အဖြစ် ငွေကြေးသုံးစွဲခွင့် ပေးရာမှ အတတ်စမ်းချင်သူ ယောက်ျားလေး လူငယ်များအဖို့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်စေသည်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစား အများစု နေထိုင်ကြပြီး စီးပွားရေး အခြေအနေအရ မိသားစုလိုက် ၀င်ငွေ ရှာကြရသည်မှာ မဆန်းလှပေ။ သို့သော် ပညာရည် မပြည့်ဝမီ၊ အရွယ်မရောက်မီ လုပ်ငန်းခွင် ၀င်ကြသည့် အတွက် ကျသင့်သည့် လုပ်ငန်းနေရာမှ ရှာဖွေရခြင်း ဖြစ်သည့်အတွက် ပတ်ဝန်းကျင် အနေအထားအရ ပြောင်းလဲစေနိုင်သည်။

ယင်းကဲ့သို့ ပြောင်းလဲလာသည့် လူငယ်များကို မိသားစုက သော်လည်းကောင်း၊ ဆွေမျိုးများက သော်လည်းကောင်း၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက  သော်လည်းကောင်း မျိုးရိုးဗီဇအရဟု ပြောကြသည်။ ကလေးငယ်များအရွယ် မရောက်မီ ယဉ်ကျေးလိမ္မာစေရန်နှင့် သိတတ် နားလည်စေရန်တို့သည်လည်း မျိုးရိုးဗီဇနှင့် မသက်ဆိုင်ပေ။

ကလေးငယ်များသည် မွေးဖွားစဉ်မှစ၍ ဦးနှောက်ဖွံ့ဖြိုးမှု ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုများ စတင်လုပ်ဆောင်ခြင်း ဖြစ်၍ မိဘ၏ ထိန်းကွပ်သွန်သင်နိုင်မှုနှင့် ပတ်ဝန်းကျင် အနေအထားသည် ကလေးငယ်၏ စိတ်အခြေခံကို ပြောင်းလဲ စေနိုင်သည်။

ကလေးငယ်အများစု၏ အခြေခံ စိတ်ထားသည် စူးစမ်းချင်စိတ် ရှိသည်ဟု အများက လက်ခံထားသည်။ ကလေးများသည် ပကတိ ဖြူစင်သော စိတ်ရင်းခံများသာ ဖြစ်ပြီး ပတ်ဝန်းကျင်၏ အားပေးမှု၊ လှုံ့ဆော်မှု၊ ကလေးငယ်များ ရှေ့ပြုမူ လုပ်ဆောင်မှုများကြောင့်သာ စူးစမ်းချင်သည့် စိတ်ဝင်ရောက်လာခြင်းသာ ဖြစ်သည်။

မိဘများသည် ကလေးငယ်များပျက် စီးသည်ကို သိရှိသည့်အခါ ရိုက်နှက်ဆုံးမခြင်း၊ ဆူပူခြင်းများသာ ပြုလုပ်တတ်ကြသည်။ ကလေးငယ်၏ စိတ်ထဲစွဲမြဲအောင် အကောင်းဆုံးနည်းလမ်းများဟု ယူဆကြသည်။ တချို့မိဘများက အကြီးကောင်သည် ချိုသာစွာပြောလျှင်ရသည်။  အငယ်ကောင်သည် ရိုက်နှက်ဆူပူမှသာ ရသည်ဟု ခွဲခြားထားခြင်းများလည်း တွေ့ရတတ်သည်။

ဤကဲ့သို့ ပြုမူခြင်းသည် ကလေးငယ်များကြား အရွဲ့တိုက်မှု၊ မနာလိုမှု၊ အားငယ်မှုများ ဖြစ်ပေါ်လာစေပြီး အခြားတစ်ဖက်တွင် အားသာမှု ဖြစ်ပေါ်စေတတ်သည်။ ငယ်စဉ်အခါမှ နားလည်အောင် ပြောခြင်းဖြင့် ကလေးငယ်၏ နားထောင် နိုင်စွမ်းရည်ကို မြှင့်တင့်ရမည်။ နားထောင်နိုင်စွမ်းရှိသည့် ကလေးငယ် အများစုသည်ကောင်းဆိုး ဝေဖန်ပိုင်းခြားနိုင်သည်။

အရွယ်မရောက်မီ လူငယ်များ၊ အသက်မပြည့်ပါက ဆေးလိပ်ရောင်းချခွင့် မရှိဟု စာကပ်ကာ ကြော်ငြာ သော်လည်း ယခုကဲ့သို့ အသက်မပြည့်သည့် လူငယ်များ ဆေးလိပ် သောက်သုံးခြင်းသည် ဆိုင်များမှ ရောင်းချနေသည့်အတွက် မိမိတို့ သားသမီးများ ပျက်စီးရသည်ဟု မိဘအများစုက ယူဆကြသည်။

စီးပွားဖြစ် ရောင်းချသူသည် မိမိအကျိုး စီးပွားသာ ကြည့်မည်။ မှတ်ပုံတင်ပြ၍ ၀ယ်ယူရခြင်း မဟုတ်သည့် အတွက် မည်သူမဆို အသက်ပြည့်ခြင်း၊ မပြည့်ခြင်း မသိရှိနိုင်ပေ။ ထိုအခြေအနေတွင် မိဘများက အလို လိုက်ထားမှုများနှင့် ကလေးများ လက်ထဲသို့ ငွေကြေးသုံးစွဲခွင့် ပေးခြင်းသည် ပျက်စီးမှုလမ်းစပင် ဖြစ်သည်။

ကလေးငယ်များနှင့် လူငယ်အများစုသည် အရွယ်ရောက်ပြီး လုပ်ငန်းခွင်တွင်း ၀င်ရောက်နေသည့် လူလတ် ပိုင်းများထက် ငွေကြေးပိုမို သုံးစွဲနေသည်ကို ကလေးစိတ်ပညာရှင် လေ့လာသူများက ဝေဖန် ထောက်ပြ ခဲ့သော်လည်း  အရွယ်မရောက်သေးသည့် လူငယ်အများစုကို ရုပ်ရှင်ရုံ၊ ဈေးဝယ်စင်တာ၊ DJ Bar, နေ့ကလပ်၊ ညကလပ်၊ ပန်းခြံများတွင် တွေ့မြင်နေရဆဲ ဖြစ်သည်။

ကလေးငယ်များနှင့် လူငယ်များသာ လိုက်နာရမည် မဟုတ်ဘဲ မိဘများကပါ ပူးပေါင်းပါဝင် ထိန်းကျောင်း ရပေမည်။ မိဘများ၏ ကလးငယ်များအပေါ် အလိုလိုက်မှု အစွန်းရောက်လျှင် အနာဂတ် လူရည်ချွန်များ ဆုံးရှုံးစေနိုင်သည်။ မိဘနှင့် သားသမီးကြား ဆက်သွယ်ထားသည့် ပေါင်းကူးတံတားသည် ငွေကြေးမဖြစ်စေဘဲ အေးမြသည့် မေတ္တာဖြင့် သွန်သင်ခြင်းသည်သာ ကလေးငယ်များ၏ စိတ်ဓာတ်မြင့်မားစေ နိုင်ပါလိမ့်မည်။

ကလေးငယ်များနှင့် လူငယ်များ အရွယ် မရောက်မီ ပျက်စီးစေသည့် အကြောင်းရင်းများနှင့် စပ်လျဉ်း၍ စိတ်ကျန်းမာပညာဌာန ပါမောက္ခ ဒေါက်တာဝင်းအောင်မြင့်က ““ပတ်ဝန်းကျင်နဲ့ အများကြီးဆိုင်တယ်။ ပတ်ဝန်းကျင်ဆိုတာ အမျိုးမျိုးရှိတယ်။

ဒါပေမဲ့ ဒီပတ်ဝန်းကျင်ကြောင့် ပျက်စီးချင်မှ ပျက်စီးတာလေ။ ပျက်စီးချင်တဲ့ ကလေးလည်း အများကြီးရှိတယ်။ ကဏ္ဍတစ်ခုပေါ်မှာ မူတည်ပြီး ဘာမှပြောလို့မရဘူး။  ဒီအပေါ်မှာ သိမ်းကျုံးပြီး မှတ်ချက်ပေးဖို့ တော်တော် ခက်တယ်။ တချို့မိဘတွေ ထိန်းကျောင်းမှု တော်တော်ကောင်းတယ်။ ပျက်စီးတာပဲ။ အကြောင်းအရာ တစ်ခု အပေါ်မှာ မူတည်ယူလို့ မရတဲ့ကိစ္စတွေမှာ ဒီကိစ္စတွေပါတယ်။ ဒီအပေါ်မှာ အခြေခံတဲ့ အကြောင်းအရာတွေ သိပ်များလွန်းပါတယ်။ ဘယ်သူ့ကိုမှ အပြစ်ပြောလို့တော့ မရပါဘူး။ အလိုလိုက် ခံရတဲ့ ကလေးတိုင်းလည်း မပျက်စီးပါဘူး။ အပေါင်းအသင်း မမှားဖို့လည်း အရေးကြီးပါတယ်””

၁၄ နှစ် အရွယ် မောင်အောင်ထွန်း (မြောက်ဥက္ကလာပတွင်နေထိုင်သူ)

ဒီလမ်းဘေးမှာ အမှိုက်ကောက်နေတာ နှစ်လ၊ သုံးလ လောက်ရှိသွားပြီး၊ ကျောင်း မတက်တော့ဘူး။ ကျွန်တော့် အမေကို ကျွန်တော် လုပ်ကျွေးနေတာ။ တစ်နေ့ကို ၁၅၀၀၊ ၂၀၀၀ လောက်ရတယ်။ တစ်ခါတလေကျရင် လောက်တယ်။ တစ်ခါတလေ အကြွေးတွေ ဘာတွေ ပေးရရင်မလောက်ဘူး။  ဒီလို အမှိုက်ကောက်ရတဲ့ ဘ၀မျိုးကို မကြုံချင်ဘူး။ ဒီအလုပ်ကို နေ့တိုင်းလည်း မလုပ်ချင်ဘူး။ အများနှိမ်တာတွေလည်း မခံချင်ဘူး။ ကိုယ့်ကိုနှိမ်တော့ တစ်ခါတလေကျရင် ၀မ်းနည်းလာပြီး ပြန်ထိုးချင်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးရိုး သားသား အမှိုက်ကောက်တဲ့ လူတွေကို ခိုးတယ်လို့ ထင်ကြတယ်။ ကျွန်တော် ချမ်းချမ်းသာသာနဲ့ နေချင်တာပေါ့ အစ်ကိုရယ်။ ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင် လုပ်မယ်လို့တော့ စိတ်ကူးထားတယ်။ စကား အမေးအဖြေ ပြုလုပ်နေရင်း မျက်ရည် ၀ဲလာသည်။

မောင်သဲမိုး (၁၅)နှစ်၊ စည်ပင်တောင်ညွန့်တွင် နေထိုင်သူ

သားကမိဘကို ရှာကျွေးတာလေ။ သားမိဘက သားတို့ဒီလို အလုပ်လုပ်မှ အဆင်ပြေမှာ လက်ရှိ တော့(၃)တန်း တက်နေပါတယ်။  သားကျောင်းဆက်တက်သွားမယ်။ အိမ်ရဲ့ စားဝတ်နေရေးအရ ဒီအလုပ်ကို လုပ်ရတာပါ။ သားအမေကြီးက အလုပ်မရှိလို့ သားအမေက စည်ပင် တောင်ညွန့်မှာ အလုပ်အလုပ်တာ စည်ပင်သာယာမှာ သားတို့က မောင်နှမ နှစ်ယောက်ရှိတယ်။ ညီမလေးက ငယ်ငယ်လေးပဲရှိသေးတယ်။ ကွမ်းတော့ စားတတ်တယ်။ အဖေ၊ အမေက သိရင်သားကို ဆူတယ်။

ဝတ်ရည်နွေးနွေး

ချမ်းမြေ့ခိုင်


Myanmartandawsint Newspaper