ကျိုင်းတုံရွာအချို့ ၁၅၀၀ တန်ဖုန်း မဲပေါက်ရန် ငွေသုံးသောင်းခွဲ ပေးရဟုဆို

ပို့စ်တင်ချိန် - 12/03/2013 05:22:00 PM


ကျိုင်းတုံ၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု အချို့တွင် ၁၅၀၀ တန်ဖုန်းများကို ဖုန်းမဲပေါက်ရန် ငွေကျပ် သုံးသောင်းခွဲ ပေးရကြောင်း ယင်းဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ ပူးပေါင်း၍ ၁၅၀၀ ကျပ် တန်ဖုန်းများကို ငွေကျပ် သုံးသောင်းခွဲ တောင်းယူကြသည့် အတွက် ငွေကြေး မပေးနိုင်ကြသောကြောင့် လက်ရှိအချိန်ထိ ဖုန်းမဲပေါက်ခြင်း မရှိကြောင်း ၎င်းတို့က ရှင်းပြသည်။

“ပြည်သူတွေအားလုံး အသုံးပြုနိုင်အောင်လို့ ၁၅၀၀ နဲ့ ဖုန်းရောင်းချပေးတယ်။ အောက်ခြေက လူတွေက လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ မသိနားမလည်တဲ့ တောသူတောင်သားတွေ ဆီကနေ ငွေကြေး တောင်းယူနေသလို ဖြစ်နေတယ်” ဟု မိုင်းလပ် ကျေးရွာအုပ်စုမှ ဦးကောင်းစံထွန်းက ပြောကြားသည်။

ပညာရေး ဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးရုံးက လစဉ်ခွဲတမ်း ရရှိသော ဖုန်းမှာ မဲမပေါက်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးကို သုံးသောင်းခွဲပေးကာ ဝယ်ယူရကြောင်း ဝမ်မိုင်၊ အခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။
“စာရေးက ဖုန်းလိုချင်ရင် သုံးသောင်းခွဲ ပေးရမယ်ပြောလို့ သူများတွေ ပေးသလို သုံးသောင်းခွဲ ပေးမှရတယ်” ဟု ၎င်းကဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများ ဖုန်းမဲပေါက်သူများထံ ငွေကြေး ကောက်ခံကြသဖြင့် တိုင်ကြားထားသည့်စာများ လက်ခံရရှိထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက အတည်ပြု ပြောကြားသည်။

ကျိုင်းတုံမြို့နယ်ရှိ ပြင်ပ ဖုန်းရောင်းဝယ်ရေး ဆိုင်များတွင် ၁၅၀၀ တန် ဖုန်းများကို အမည်ပေါက်ပေါ် မူတည်၍ ငွေကျပ် ၁ သိန်းမှ ၁ သိန်း ၂ သောင်းအထိ ရောင်းဝယ်လျက် ရှိကြောင်း ဖုန်းရောင်းဝယ်ရေး ဆိုင်များထံ စုံစမ်းသိရှိရသည်။
The Voice Weekly