မြန်မာနိုင်ငံနှင့် တာဝန်ယူတတ်သော မိတ်ဆွေများ

ပို့စ်တင်ချိန် - 12/19/2013 11:32:00 AM


ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

အာဆီယံ-ဂျပန် နှစ် ၄၀ ပြည့် ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ဒီဇင်ဘာ ၁၃ ရက်က သွားရောက်ခဲ့သော သမ္မတဦးသိန်းစိန်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ခရီးစဉ်အတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကျန်းမာရေးကဏ္ဍ အကူအညီပေးရေး သဘောတူညီမှုများကို လက်မှတ်ရေးထိုး နိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ယန်း ၆၃ ဘီလျံ ချေးငွေချပေးမည့် ကတိက၀တ်လည်း ရရှိခဲ့သည်။ ရန်ကုန်-နေပြည်တော် ရထားလမ်း အဆင့်မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်ရေးတို့နှင့် ပတ်သက်၍လည်း အကူအညီများ ရရှိခဲ့သည်။ ခြုံငုံ၍ သုံးသပ်ရပါမူ သမ္မတဦးသိန်းစိန်၏ ဂျပန်နိုင်ငံ ခရီးစဉ်သည် နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာ ရရှိလာနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲအားယူနေသည့် နိုင်ငံတစ်နိုင်ငံအဖို့ တာဝန်ယူတတ်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံနိုင်ရေးမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အကြောင်းတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံရေး အခြေအနေများကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဝေးကွာခဲ့ရပြီး အထီးကျန် နေထိုင်ခဲ့ရသည်။ ထိုသို့ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ကင်းမဲ့နေသည့်အချိန်၊ ပိတ်ဆို့အရေးယူမှုများ ခံနေရသည့် အချိန်တွင် ထိုအခြေအနေများကို အခွင့်ကောင်းယူသွားသည့် အင်အားကြီး နိုင်ငံအချို့၏ အမြတ်ထုတ်မှုကို မြန်မာနိုင်ငံသည် ခါးသီးစွာ ခံစားခဲ့ရသည်။ နိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူကာ နိုင်ငံကြီးမပီသသည့် နိုင်ငံအချို့ကြောင့် မြန်မာနိုင်ငံ၏ သယံဇာတများစွာ ကုန်ခန်းသွားခဲ့ရသလို ပြည်သူများ၏ ဘ၀များမှာလည်း နိမ့်ကျပြီးရင်း နိမ့်ကျသွားခဲ့ရသည်။

ဂျပန်သည် အာရှနိုင်ငံများထဲတွင် စက်မှုအဖွံ့ဖြိုးဆုံး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်ပါသည်။ လက်ရှိတွင်လည်း အာရှနိုင်ငံ အများအပြား အထူးသဖြင့် အာဆီယံနိုင်ငံများအား အကူအညီများ ပေးလျက်ရှိပါသည်။ ထိုအကူအညီများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ရပ်ဆိုင်းခဲ့သည့်အတွက် မြန်မာနိုင်ငံသည် လက်ခံရရှိခဲ့ခြင်း မရှိခဲ့ပါ။ ထိုသို့ ဂျပန်၏ အကူအညီများ ရပ်ဆိုင်းနေသည့် အချိန်တွင် အရှေ့တောင်အာရှရှိ နိုင်ငံအများအပြားသည် ဂျပန်၏ နည်းပညာအကူအညီ၊ ငွေကြေးအကူအညီဖြင့် မြန်မာနိုင်ငံထက် ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံကို အကူအညီပေးအပ်နေသည့် နိုင်ငံများမှာ တရုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ ဖြစ်ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို အကူအညီပေးသည်ဟု ဆိုသော်လည်း ၎င်းနိုင်ငံ အကျိုးစီးပွားအတွက် အကူအညီပေးနေခြင်း ဖြစ်သည်။ ချေးငွေများကို တရုတ်ကုန်ပစ္စည်းများ ပြန်လည်ဝယ်ယူရာတွင် အသုံးပြုရခြင်း၊ အတိုးငွေနှုန်းမှာလည်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားခြင်းတို့အပြင် အခြားနိုင်ငံရေး အနှောင်အဖွဲ့များလည်း ပါဝင်ပါသည်။ အမေရိကန်နိုင်ငံသည်လည်း မြန်မာနိုင်ငံကို အကူအညီပေးသည် ဆိုရာတွင် ၎င်းကိုယ်တိုင် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် အမေရိကန်မှ အကူအညီသည် မြန်မာနိုင်ငံအတွက် နည်းပါးလှပါသည်။ ထိုအချိန်တွင် နည်းပညာမြင့်မားပြီး တာဝန်ယူတတ်သော၊ ချမ်းသာကြွယ်ဝသော၊ ၀ ဒသမ ၀၁ ရာခိုင်နှုန်းအထိ အတိုးနှုန်းနည်းပါးသော ဂျပန်နိုင်ငံ၏ အကူအညီများသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာခြင်းကောင်းသော အကူအညီများ ဖြစ်သည့်အတွက် ယခုလို ကိုယ်ကျိုးစီးပွား တစ်ခုတည်းမကြည့်ဘဲ နိုင်ငံကြီးပီသစွာ တာဝန်ယူတတ်သည့် နိုင်ငံများကိုသာ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေအဖြစ် ပိုမိုလိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသားအပ်ပါသည်။

eleven media group