ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲများ လုပ်ရန်ရှိ

ပို့စ်တင်ချိန် - 12/20/2013 11:24:00 AM


ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ရက်မှ ၁၀ ရက်အထိ ချင်း ပြည်နယ်ခရီးစဉ် သွားရောက်မည်ဟု အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“ချင်းပြည်နယ်ခရီးစဉ်အတွက် ၆ ရက်မှာ ကလေးကို အရင်သွားပြီး ကလေးမှာ ညအိပ်မယ်။ ၇ ရက်မှာ ချင်းပြည်နယ်ကို ဆက်သွားမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်ခရီးစဉ်အတွက် ဇန်န၀ါရီ ၆ ရက်တွင် လေကြောင်းဖြင့် ကလေးမြို့သို့ ရောက်ရှိလာမည်ဖြစ် သည်။ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးခရိုင် အလုပ်အမှု့ဆောင်အဖွဲ့ဝင်များ၊ ကလေး၊ ကလေးဝ၊ မင်းကင်းမှ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး ချင်းပြည်နယ်ကို ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

ချင်းပြည်နယ်မှအပြန် ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့၌ လူထုဟောပြောပွဲတစ်ရပ် ကျင်းပ ကာ ထိုနေ့တွင်ပင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်ကို အဓိကခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ အခြေခံဥ ပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လူထုဆန္ဒသဘောထားခံယူပွဲအတွက် သွားရောက်မှာ ဖြစ်သည်။ ယင်း ခရီးစဉ်အတွင်း ဇန်န၀ါရီလ ၇ ရက်မှ ၉ ရက်အထိ ချင်းပြည်နယ်တွင် လူထုနှင့်တွေ့ဆုံရန် အစီအစဉ်များ ရှိသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းမဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင် ဒေါက်တာမြင့်နိုင်က “ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ကို ခရီးထွက်မယ်ဆိုတာ အဖွဲ့ချုပ် ဆီက ကျွန်တော်တို့ဆီကို ဖုန်းဆက် အကြောင်းကြားတယ်။ ဒေါ်စုက ချင်းပြည်နယ်က ကလေးဝ၊ မင်း ကင်း၊ ခနီ်္တးကို တစ်ခါမှ မရောက်သေးဘူး”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘော ထားရယူရေး လူထုဟောပြောပွဲ အခမ်းအနားများကို မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အောက်တိုဘာ လမှ စတင်ပြုလုပ်ခဲ့ပြီး လူထုအသံရယူကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာကို ဒီဇင်ဘာ ၂၁ နောက်ပိုင်းတွင် တင် သွင်းသွားမည်ဖြစ်သည်။

ထိုသို့ အကြံပြုစာတင်ပြီး နောက်ပိုင်းတွင်လည်း လူထုနှင့် တွေ့ဆုံပွဲများကို ဆက်လက် လုပ်ဆောင်ရန် ရှိသေးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ထားသော ခြေမ အသေး စားခွဲစိတ်မှုကြောင့် ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် အနားယူနေပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ သွားရောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ အခမ်းအနားကို တက်ရောက်ရန် အစီအစဉ်ရှိသည်။

အေးမြင့်စန်း
Mizzima Burmese