အန္တရာယ်ရှိ အဆောက်အအုံများ ပြန်မဆောက်ပါက စာရင်းမှပယ်ဖျက်မည်

ပို့စ်တင်ချိန် - 12/26/2013 03:55:00 PM



ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရန်ကုန်မြို့တွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံ (DB) များ နေရာတွင် ပြန်လည် တည်ဆောက်ခြင်း မရှိပါက အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအဆောက်အအုံများကို အသစ်ဆောက်လုပ်မည် ဆိုပါက ပြန်လည် တည်ဆောက်မည့် ပုံစံကို ရန်ကုန် စည်ပင်ဌာနသို့ လာရောက် တင်ပြရမည့် ကြေညာချက်ကို ထုတ်ပြန်တော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြန်လည် တည်ဆောက်ရေးအတွက် တင်ပြချက်များကို သုံးလ သို့မဟုတ် ခြောက်လအထိ စောင့်ဆိုင်းရန် သတ်မှတ်ထားပြီး ဆောက်လုပ်ခြင်း မရှိပါက အန္တရာယ်ရှိ အဆောက်အအုံ ဆောက်လုပ်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ် ခံထားရပါက ပြန်လည် တည်ဆောက်ရာတွင် ပေ ၅၀ အောက် အကျယ်အဝန်းတွင် ယာဉ်ရပ်နားနေရာ ထည့်သွင်းရန် မလိုသော အခွင့်အရေးများ ရှိကြောင်း၊ သို့သော်လည်း အဆောက်အအုံဟောင်း၏ အခန်းပိုင်ရှင် တစ်ဦးဦးက ကန့်ကွက်ပါက ဆောက်လုပ်ရန် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း ကျောက်တံတားမြို့နယ်နေ ဆောက် လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“အန္တရာယ်ရှိ အဆောက်အအုံမှာနေတဲ့ အခန်းပိုင်ရှင် တစ်ဦးကအသစ် ပြန်ဆောက်ပြီးရင် ဘယ်လို အခန်းမျိုးကို လိုချင်တယ်၊ မရရင်မဆောက်နဲ့လို့ ပြောတာတွေ ရှိတယ်။ ပိုင်ရှင်လေးဦးမှာတစ်ဦး လောက် ညှိနှိုင်းမရရင်တောင် ဆောက်ခွင့် မရှိဘူး” ဟု ၎င်းကပြန်လည် တည်ဆောက်ရေး၏ အခက်အခဲကို ရှင်းပြသည်။

အန္တရာယ်ရှိ အဆောက်အအုံ စာရင်းမှ ပယ်ဖျက်ခံရပါက ပြန်လည် ဆောက်လုပ်ရာတွင် မြေညီထပ်ကို ယာဉ်ရပ်နားနေရာအဖြစ် ထည့်သွင်း ဆောက်လုပ်ရမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ် ထားသော်လည်း ပြန်လည် တည်ဆောက်မှု မပြုနိုင်သည့် အဆောက်အအုံ ၁၀၇ လုံးရှိပြီး အစိုးရဌာနပိုင် ၂၇ လုံးနှင့် ပုဂ္ဂလိကပိုင် ၈၀ လုံး ဖြစ်ကြောင်း YCDC မှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မတိုင်မီ ၆၄ လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ၃၄ လုံးနှင့် ၂၀၁၃-၂၀၁၄ ယခု ဘဏ္ဍာနှစ်အတွင်း ကိုးလုံး သတ်မှတ်ခဲ့သည်ဟု ယင်းဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly Myanmar