အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့ဝိုင်ဖိုင် စနစ်ထားရှိမှု အားနည်းနေ

ပို့စ်တင်ချိန် - 12/18/2013 08:55:00 AM


မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာ (Tablet) များဖြင့် အင်တာနက် အသုံးပြုသူများပြား လာသည့်အတွက် အများပြည်သူနှင့် သက်ဆိုင်သော အချက်အချာကျသည့် နေရာများတွင် ကြိုးမဲ့အင်တာနက် စနစ်ဖြစ်သည့် Wi-Fi ဝန်ဆောင်မှု ယခုအချိန်တွင် လိုအပ်လာနေပြီ ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဒေသခံ မိုဘိုင်းအင်တာနက် သုံးသူများက ဆိုကြသည်။   ယခုလက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး၏ အင်တာနက် ဝန်ဆောင်မှုကိုသာ သုံးစွဲနေရပြီး ၎င်းတို့တွင် အခြားရွေးချယ်စရာ ဝန်ဆောင်မှုများ မရှိဟုဆိုကြသည်။   “အခုခေတ် အခြေအနေက လူငယ်တွေပဲဖြစ်ဖြစ် ကြည့်လိုက်ရင် မိုဘိုင်းဖုန်းတစ်လုံးနဲ့ သွားသွားလာလာ အလုပ်လုပ်တဲ့သူ၊ လူမှုကွန်ရက်ဆိုက်တွေကို သုံးတဲ့သူတွေချည်းပါပဲ။ ဒီကနေတစ်ဆင့် အဆက်အသွယ်တွေ လုပ်လာကြတဲ့ အခြေအနေမှာ ဖုန်းထဲမဖြစ်မနေ ရွေးချယ်စရာမရှိလို့ ထည့်ထားရတဲ့ ဆက်သွယ်ရေးရဲ့ အင်တာနက်တစ်ခုတည်း အမြဲသုံးမနေနိုင်ပါဘူး။ အခမဲ့လွှင့်တင်ပေးထားတဲ့ ဝိုင်ဖိုင်စနစ်တွေကို အများပြည်သူနဲ့ သက်ဆိုင်သော နေရာတွေမှာ ရှိစေချင်ပါတယ်။ အခုဆို နိုင်ငံတကာက ဧည့်သည်တွေ ဝင်လာလို့မှ ဒီလိုဝန်ဆောင်မှုမျိုး လေးတောင်မရှိရင် အဆင်မပြေပါဘူး” ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး တစ်ဦးကပြောသည်။   တစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေး၏ CDMA နှင့် GSM အစရှိသော မိုဘိုင်းဖုန်း အင်တာနက် ဝန်ဆောင်မှုများ၏ အင်တာနက်မြန်နှုန်း အရည်အသွေးသည်လည်း သုံးစွဲသူသို့ ကောင်းမွန်ပြည့်ဝသည့် ဝန်ဆောင်မှုကို ယခုအချိန်အထိ မပေးနိုင်သေးပေ။   ထို့ကြောင့် အသုံးပြုသူများသည် အိမ်နီးချင်း နိုင်ငံများကဲ့သို့ အခမဲ့ဝိုင်ဖိုင် စနစ်လွှင့်တင်ပေးသော ဝန်ဆောင်မှုများနှင့် ကောင်းမွန်သည့် ဝန်ဆောင်မှုကို ပေးနိုင်သော ပုဂ္ဂလိက ISP ကုမ္ပဏီများ ပေါ်ပေါက်လာရန် အလိုရှိနေကြကြောင်း ထိုသူများထံမှ စုံစမ်းသိရသည်။   “အိမ်နီးချင်း ထိုင်းကိုပဲကြည့်မယ်ဆို အများပြည်သူ သွားလာတဲ့ နေရာတွေမှာ အခမဲ့ဝိုင်ဖိုင်တွေ လွှင့်ပေးထားတာ တွေ့ရတယ်။ ဒီမှာကတော့ အခမဲ့ဝိုင်ဖိုင် စနစ်ကို ကောင်းကောင်းမွန်မွန် သုံးလို့မရသေးတဲ့ အပြင် ရှိတဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကလည်း ညံ့နေတုန်းပဲ။ အခုလူတွေမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုလာတာ တွေများလာလေလေ ဒီလိုအများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဒီလိုဝန်ဆောင်မှုက လိုအပ်လာလေလေပါပဲ” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် ပုံမှန်အင်တာနက် အသုံးပြုသူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။   ရန်ကုန်မြို့ရှိ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနှင့် ကုန်တိုက်၊ လေဆိပ်အစရှိသည့် နေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်များကို အခမဲ့လွှင့်တင် ထားပေးခြင်းများ ရှိသော်လည်း အသုံးပြုသူများအနေဖြင့် ထိုဝန်ဆောင်မှုကို ကောင်းစွာအသုံးပြုနိုင်ခြင်း မရှိဟုသိရသည်။   “အခမဲ့ဝိုင်င်ဖိုင် ပေးထားပါတယ် ဆိုတဲ့နေရာတွေမှာ သုံးကြည့်ပါ။ အင်တာနက် စာမျက်နှာတစ်ခုပွင့်ဖို့ တော်တော်ခက်ပါတယ်။ ဒါကတော့ အဲဒီဝန်ဆောင်မှုကို ရောင်းချတဲ့ကုမ္ပဏီ ဒါမှမဟုတ် အင်တာနက် ထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေရဲ့ ညံ့ဖျင်းမှုပါပဲ” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးကလည်း ဆိုသည်။   လက်ရှိပြည်တွင်းတွင် အင်တာနက် ဝန်ဆောင်မှုပေးနေသည့် ISP (Internet Service Provider) များမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့နှင့် ဟံသာဝတီနေရှင်နယ်ဂိတ်ဝေး တို့သာရှိသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းသုံးခုတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ လိုင်းများအတွက် ရောင်းချသည့် ဝန်ဆောင်မှုတစ်ခု တည်းကိုသာ အသုံးပြုနေရသည်။   ရန်ကုန်မြို့၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအများစုသည် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အခမဲ့ဝိုင်ဖိုင် စနစ်များကို လိုအပ်သည့်အပြင် အခကြေးငွေဖြင့် အသုံးပြုနိုင်သည့် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ ထပ်မံပေါ်ထွက် လာစေခြင်းဖြစ်သည်ဟု ထိုသူများ ထံမှသိရသည်။   “ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ဖုန်းထဲထည့်ထားတဲ့ ဆက်သွယ်ရေးက အင်တာနက် တစ်ခုကိုပဲ အမြဲသုံးနေရတော့ ဖုန်းဘီလ်လည်းပဲ ခဏခဏဖြည့်သွင်းရတယ်။ ဝန်ဆောင်မှုကလည်း မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။ နိုင်ငံသားတွေ အတွက်စဉ်းစားတယ်ဆိုရင် ပုဂ္ဂလိကကိုဖြစ်ဖြစ် လုပ်ကိုင်ခွင့်တွေ ပွင့်ပွင့်လင်းလင်းချပေးပါ။ ကျွန်တော်တို့ လွတ်လပ်စွာရွေးချယ် သုံးစွဲချင်ပါတယ်” ဟု မိုဘိုင်းအင်တာနက် အသုံးပြုသူ အခြားလူငယ် အမျိုးသားတစ်ဦးကလည်း အထက်ပါ အတိုင်းဆိုသည်။   လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်ခန့်က ပုဂ္ဂလိကကုမ္ပဏီတစ်ခုက အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အခမဲ့ဝိုင်ဖိုင် စနစ်ဖြင့် အင်တာနက်လွှင့်တင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပေ။ -ယုဇနကိုကို

Internet Journal