ဒုတ္ထာစွန့်ပစ်မြေများဖယ်ရှားပေးရန်နှင့် မြေယာပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေတိုင်းတာမှုများ စတင်

ပို့စ်တင်ချိန် - 12/12/2013 01:07:00 PM


ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းနယ်မြေ၏ အရှေ့ဘက်၊ မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး လမ်းဘေးဝဲယာ ဒုတ္ထာစွန့်ပစ်မြေများ ဖယ်ရှားရေးနှင့် မြေယာပြန်လည်ထူထောင်ပြုပြင်ရေးဆောင်ရွက်ရန် ဒီဇင်ဘာ ၈ ရက်မှ စတင်၍ မြေယာတိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ဒုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းကပြောသည်။

““လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာပါ အချက်တွေနဲ့အညီ တိုင်းတာနေတာဖြစ်ပါတယ်””ဟု ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

ဒုတ္ထာကွင်းအတွင်း ပိုင်ရှင်အများစုသည် မြေယာလျော်ကြေးရရှိပါကစွန့်ပစ်မြေစာပုံခြင်းကို ခွင့်ပြုလိုသူများလည်းရှိသည်။ အချို့ ဒုတ္ထာကွင်းပိုင်ရှင်များသည် လက်ရှိဒုတ္ထာချက်လုပ်သည့်နေရာတွင် ဆက်လက်လုပ်ကိုင်စားသောက်လိုကြသည်။ ဒုတ္ထာမြေများအား ဖယ်ရှားလိုက်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒုန်းတောကျေးရွာအုပ်စုအတွင်း နေထိုင်သော ဒုတ္ထာကွင်းပိုင်ရှင် ၄၇၂ ဦးက  သက်ဆိုင်ရာသို့ ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုး စာတင်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုန်းတောကျေးရွာအုပ်စုအတွင်း ဒုတ္ထာလွှမ်းသည့် မြေဧရိယာ ၁၅၃ ဒသမ ၈၃ ဧက ရှိကြောင်း သိရှိရသည်။
7 Day Daily