ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ပို့စ်တင်ချိန် - 12/31/2013 05:10:00 PM


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ စက်မှုလယ်ယာဝင်း အတွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်း သောကြောင့် ဖျာပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းရန် မီးသတ်ယာဉ်နှစ်စီး သွားရောက်စဉ် မီးသတ်ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ် တပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

စက်မှုလယ်ယာဝင်း အတွင်းရှိ ကုန်သွယ်လယ်ယာအဆောက်အအုံ အနီးတွင် ဆောက်လုပ်ထားသော နေအိမ်တွင်း မျက်နှာကြက်၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်း ခဲ့ချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာသော မီးသတ်ယာဉ်နှစ်စီး အနက် မီးသတ်ယာဉ် တစ်စီးမှာ အမှတ် (၂) လမ်းအတွင်းမှ မီးလောင်နေရာသို့ ဝင်ရောက်စဉ် ယာဉ်ရှေ့ရှိ ဆိုင်ကယ်ကို ဖြတ်ကျော်ရာမှ အရှိန် မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေသူများထံမှ သိရှိရသည်။

"မီးသတ်ကားက ဥသြဆွဲပြီး လမ်းထဲကို အရှိန်နဲ့ ဝင်လာတုန်း လမ်းပေါ်မှာ ဆိုင်ကယ်က ရပ်ထားတာကြောင့် လမ်းဘေးက ဝိုက်ပြီး ကျော်တက်တာ။ လမ်းက တစ်ဖက်နိမ့် ဖြစ်နေပြီး မီးသတ်ကားပေါ်မှာ ရေဝိတ်ပါတာကြောင့် ကားက စောင်းပြီး လိမ့်ထွက်သွားတာ" ဟု မျက်မြင် တွေ့ရှိခဲ့သော ကိုဇေယျာထွန်းက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်စဉ် သန္ဓေမီးသတ်တပ်သား ကိုကျော်ဖြိုးဇင်မှာ ရေတိုင်ကီအောက်တွင် ပိမိနေသဖြင့် အနီးရှိ လူ ၂၀ ဦး ကျော်ခန့်က မီးသတ်ယာဉ်ကို ဝိုင်းတွန်းကာ ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိသောကြောင့် အနီးရှိ ဆီဆိုင်မှ ကရိန်းယာဉ်၏ အကူအညီဖြင့် ဆွဲထုတ်နိုင်ခဲ့သော်လည်း ကိုကျော်ဇင်ဖြိုးမှာ ခါးကို ရေတိုင်ကီ ပိထားသော ဒဏ်ကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဖျာပုံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"မီးလောင်တဲ့အိမ်ကို ကျန်တဲ့ မီးသတ်ယာဉ် တစ်စီးက နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်။ ယာဉ်တိမ်းမှောက် တုန်းက လွင့်စဉ်ပြီး ပွန်းပဲ့ ဒဏ်ရာရရှိသွားတဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ ငါးဦးကို ရပ်ကွက်ထဲက လူတွေက ဆိုင်ကယ်နဲ့ ဆေးရုံလိုက် ပို့ပေးခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်ပိုင်ရှင် ဦးကျော်ကျော်ဦးကို ဖျာပုံမြို့နယ် ရဲစခန်းမှ (ပ) ၃ဝ၈/ ၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်းနှင့် မီးသတ်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ယာဉ်မောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားပြီး အမှုနှင့် ပတ်သက်၍ ယာဉ်ထိန်း တပ်ဖွဲ့စုမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖျာပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly Myanmar