လက်ဘနွန်မြို့တော် ဘေရွတ်တွင် ကားဗုံးကွဲ၊ ဘဏ္ဍာရေး ဝန်ကြီးဟောင်း သေဆုံး

ပို့စ်တင်ချိန် - 12/29/2013 08:45:00 AM




ဘေရွတ်၊ ဒီဇင်ဘာ ၂၇

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ရှိ အစိုးရရုံးများနှင့် ပါလီမန် အဆောက်အအုံ အနီးတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လက်ဘနွန် ဘဏ္ဍာရေး ဝန်ကြီးဟောင်း အပါအဝင် လူ ၅ ဦးသေဆုံးခဲ့ပြီး၊ အနည်းဆုံး လူ ၅၀ ခန့် ဒဏ်ရာ ရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယခုလုပ်ကြံ ခံလိုက်ရသော လက်ဘနွန် ဘဏ္ဍာရေးဝန်ကြီးဟောင်း မိုဟာမက်ချာတက်သည် လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ဆာအစ်ဟာရာရီ၏ အကြံပေးတစ်ဦးလည်း ဖြစ်ခဲ့သည်။

ယခုလုပ်ကြံ ခံလိုက်ရသော ဘဏ္ဍာရေး ဝန်ကြီးဟောင်း မိုဟာမက်ချာတက်သည် ဆွန်နီမွတ်ဆလင် တစ်ဦးဖြစ်ပြီး အိမ်နီးချင်း ဆီးရီယားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်သည် ဆွန်နီနှင့် ရှီးယိုက် မွတ်ဆလင် တင်းမာမှုကို မီးထိုးပေးနေခြင်း ဖြစ်သည်။

လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ စစ်သွေးကြွများသည် ရှီးယိုက် မွတ်ဆလင်များ ဖြစ်ကြပြီး၊ ရှီးယိုက် မွတ်ဆလင် ဂိုဏ်းကွဲတစ်ခုဖြစ်သော အာလာဝိတ် မွတ်ဆလင်ဖြစ်သည့် ဆီးရီးယား သမ္မတ အာဆတ်ကို ထောက်ခံသူများ ဖြစ်သည်။

ယခုဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဘေရွတ်မြို့လယ်ရှိ ဖိုနီဆီယာဟိုတယ် အပါအဝင် အဆောက်အအုံများ ပျက်စီးသွားပြီး ကားများလည်း မီးလောင်သွားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

လက်ဘနွန် ဘဏ္ဍာရေးဝန်ကြီးဟောင်း မိုဟာမက်ချာတက်သည် လက်ဘနွန် ပါလီမန်တွင် အတိုက်အခံဖြစ်သော ဆွန်နီအုပ်စုထံသို့ အလည်အပတ်သွားစဉ် ယခုကဲ့သို့ လုပ်ကြံခံရခြင်းလည်း ဖြစ်သည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်ကို လက်ဘနွန်ရှိ ရှီယိုက် မွတ်ဆလင်များဖြစ်သော ဟစ်ဇဘိုလာများက ထောက်ခံ နေသကဲ့သို့ ဆီးရီးယားအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော သူပုန်အုပ်စု အချို့ကို ဆွန်နီ မွတ်ဆလင် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ် လှုပ်ရှားနေခြင်းလည်း ဖြစ်သည်။

လက်ဘနွန်ရှိ ဟစ်ဇဘိုလာ စစ်သွေးကြွများကို ရှီးယိုက် မွတ်လဆင် နိုင်ငံဖြစ်သော အီရန်က ထောက်ခံပြီး ပြီးခဲ့သည့်လက ဘေရွတ်ရှိ အီရန်သံရုံး တိုက်ခိုက်ခံခဲ့ရသည်။
The Voice Weekly Myanmar