အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုင်ဖွန်မှန်တိုင်းဒဏ် ခံရတဲ့ ဒေသကို သွားရောက်

ပို့စ်တင်ချိန် - 12/18/2013 10:15:00 PM

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

 နိုဝင်ဘာလက တက္ကလိုဘန်းမြို့ကမ်းခြေကို စူပါတိုင်ဖွန်မုန်တိုင်း အပြီး တွေ့မြင့်ရစဉ် (ဓာတ်ပုံ - Reuters)

ဖိလစ်ပိုင်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ တက္ကလိုဘန်းမြို့ကို သွားရောက်နေပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ဟိုင်ယန် စူပါတိုက်ဖွန် မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၆ ထောင်ကျော် သေဆုံးခဲ့ပြီး လူ ၄ သန်းလောက် နေရာရွှေ့ပြောင်းခဲ့ ရပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၆၂ သန်း အကူအညီ ပေးထားတဲ့အပေါ်မှာ နောက်ထပ် အမေရိကန် ဒေါ်လာ ၂၄ ဒဿမ ၆ သန်းကို အကူအညီ ပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကြေညာပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဖိလစ်ပိုင်သမ္မတ ဘန်းနစ်နို အကွီနိုက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို မြို့တော် မနီလာက သမ္မတနန်းတော်မှာ ကြိုဆို နှုတ်ဆက်ရင်း ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ကျေးဇူးတင်ကြောင်း ချီးကျူး ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးတွေ ပိုတိုးလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကို ၂ ရက်ကြာ အလည်အပတ် ရောက်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ အစောပိုင်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အဲဘတ်ဒယ်လ် ရိုစာရီယိုနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံရေးနဲ့ လုံခြုံရေးတွေကို ဦးတည်ထားတဲ့ကိစ္စ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှဒေသအတွင်း အမေရိကန်ရဲ့ အကြာရှည်ဆုံး မဟာမိတ်နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အခု ခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန် ဖြစ်ပါတယ်။

အစောပိုင်းမှာ အငြင်းပွားမှုတွေမှာ ဘယ်ဘက်ကမှ ရပ်တည်မှာ မဟုတ်ဘူးလို့ အမေရိကန် ပြောဆိုခဲ့ပေမယ့် နောက်ဆုံး တရုတ်က ဒေသတွင်းရေပြင်ကို လွှမ်းခြုံပြီး ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အခါမှာတော့ အမေရိကန်ဟာ သူ့မဟာမိတ်တွေဘက်က ရပ်တည် ကာကွယ်နေပါတယ်။

ဖိလစ်ပိုင်ကို ရောက်နေစဉ် ဆွေးနွေးတဲ့ကိစ္စတွေမှာ အမေရိကန်တပ်တွေ ဖိလစ်ပိုင် နိုင်ငံထဲမှာ တိုးချဲ့ချထားရေးကိစ္စကလည်း တစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။
DVB Burmese