နေအိမ်ထဲအထိ လိုက်လံထိုးကြိတ်ခံရသူကို အုပ်ချုပ်ရေးမှူးက ထိပ်တုံးခတ်ပြီး အပြစ်ပေး

ပို့စ်တင်ချိန် - 12/16/2013 01:03:00 PM


ဒီဇင်ဘာ ၁၅ (လပွတ္တာ)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၊ ကျောက်တန်းကြီးကျေးရွာအုပ်စု၊
နေရာပျံချီကျေးရွာမှ ရွာသားတဦးမှာ နေအိမ်ဝင်းထဲအထိ
လိုက်လံထိုးကြိတ်ခြင်းခံရသော်လည်း အုပ်ချုပ်ရေးမှူးက ထိုးကြိတ်သူများကို
အရေးမယူဘဲ အထိုးခံရသည့်ရွာသားအား ထိပ်တုံးခတ်ခြင်း၊ မြက်ရှင်းခိုင်းခြင်း
စသည့် အပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေရာပျံချီကျေးရွာမှ ဦးသိန်းထွန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ
၂၆ ရက်နေ့ ညနေပိုင်းက ကျေးရွာအတွင်း ဈေးဝယ်ပြီးအိမ်အပြန်တွင်
ဦးချစ်မြနှင့် ဦးသောင်းစိန်တို့က ရန်စခဲ့ပြီး ဦးချစ်မြက
ဦးသိန်းထွန်းအား ၎င်းနေထိုင်သည့် နေအိမ်ဝိုင်းထဲအထိ
လိုက်လံထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ထိုးကြိတ်ရန်စသူများက
ကျောက်တန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လေးထံ
သွားရောက်တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက ထိုးကြိတ်ခံရသည့်
ဦးသိန်းထွန်းအား ၁ ညတိတိ ထိပ်တုံးခတ်၍ ချုပ်နှောင်အပြစ်ပေးခဲ့ကြောင်း
ကျောက်တန်းကြီးကျေးရွာမှ ဒေသခံ ရွာသားများက ပြောသည်။

“ကိုသိန်းထွန်းကို ကိုချစ်မြနဲ့ ကိုသောင်းစိန်တို့က
စကားပြောနေတဲ့အချိန်မှာ ကျနော်အနားမှာ ရပ်နေတယ်။ အဲဒီမှာပြောနေတာက
ကိုချစ်မြကနေပြီးတော့ မေးတယ်။ မင်းတို့ မောင်မြင့်စန်းက ဘာကောင်လဲ။
ဇော်လေး (အုပ်ချုပ်ရေးမှူး) ကရော ဘာကောင်လဲဆိုပြီး အဲလိုတွေမေးနေတယ်။
ရန်စတဲ့ ပုံစံမျိုးပေါ့။ ကိုသိန်းထွန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ
ပြန်ဖြေနေပါတယ်။ နောက်တော့ ဦးခွေးလေးက လျှောက်လာနေတော့ ခွေးလေးက
ဘာကောင်လဲလို့ မေးတယ်။ ဦးခွေးလေးက ခွေးလေးပေါ့လို့ ကိုသိန်းထွန်းက
ပြန်ဖြေတဲ့အချိန်မှာ ဦးခွေးလေးက မင်းကငါ့ကို ခွေးနဲ့နှိုင်းရသလား
ဆိုပြီးတော့ ပြဿနာရှာရော။ အဲလိုတွေဖြစ်လို့ ကိုသိန်းထွန်းက အိမ်ပြန်တာကို
ကိုချစ်မြက လိုက်ထိုးတာ။ ကိုသိန်းထွန်းက သူ့အိမ်ထဲဝင်ပြေးတာတောင် မရဘူး။
အိမ်ထဲအထိကို လိုက်ထိုးတာ”ဟု အခင်းဖြစ်ချိန်တွင် ရှိနေသည့် မျက်မြင်သက်သေ
ဦးကျော်ဝင်းက Myanmar News Now ကို ပြောသည်။

ဦးချစ်မြ၊ ဦးသောင်းစိန်နှင့် ဦးခွေးလေးတို့က အုပ်ချုပ်ရေးမှူး
ဦးဇော်လေးထံ သွားရောက် တိုင်ကြားကြရာ ဦးဇော်လေးက အခင်းဖြစ်ပွားမှုကို
သေချာမစစ်ဆေးဘဲ မြေယာမှုခင်းနှင့်ပတ်သတ်၍ ဆဲဆိုရမ်းကားသည်ဟု မှတ်ချက်ရေး၍
မိမိအား ထိပ်တုံးခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုးကြိတ်ခံရသူ ကိုသိန်းထွန်းက
ပြောသည်။

“ကျနော်တို့က ကျေးရွာမှာ မြေတွေအကြွေးနဲ့သိမ်းခံထားရတာရှိတော့ အဲဒါတွေကို
မြေယာမှုခင်း ဖွင့်ထားတယ်။ သူတို့ကလည်း အဲဒါကိုမကျေနပ်တော့ ပြဿနာရှာကြတာ။
ကျနော်က ပြဿနာ ဖြစ်မှာစိုးလို့ အိမ်ကိုပြန်တာကို ကိုချစ်မြက
လိုက်ထိုးတယ်။ အိမ်ထဲရော ခြံထဲရော ၀င်ထိုးတာ။ သိပ်မကြာဘူး
အုပ်ချုပ်ရေးမှူးအဖွဲ့တွေရောက်လာပြီး ရုံးခဏလိုက်ခဲ့ဦးလို့ခေါ်တယ်။
အဲဒါနဲ့ ကျနော်လည်း လိုက်သွားတယ်။ ဟိုရောက်တော့ ကိုချစ်မြရော၊
ကိုသောင်းစိန်ရော၊ ဦးခွေးလေးရော ရောက်နေတယ်။
အုပ်ချုပ်ရေးမှူးကိုဇော်လေးက မေးတယ်။ သိန်းထွန်းက မူးပြီးရမ်းနေတာ
မှန်ပါသလားတဲ့။ ဟိုလူတွေကလည်း မှန်ပါတယ်လို့ပြောတယ်။
ကျနော်ကခံငြင်းသေးတယ်။ မရဘူး။ အဲဒါနဲ့ မင်းကို ခြောက်ပေါက် (ထိပ်တုံး)
ထဲထည့်မယ်ဆိုပြီး ထည့်ထားတာ”ဟု သူက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီမှ စတင်၍ ထိပ်တုံးခတ်ထားပြီး
မနက်ရောက်ချိန်တွင် ထိပ်တုံးမှ လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး
ဦးဇော်လေးက ရုံးရှေ့ရှိမြက်များကို ရှင်းခိုင်းခဲ့သဖြင့် ၂ ရက်ကြာ
မြက်ရှင်းပေးခဲ့ရကြောင်း ကိုသိန်းထွန်းက ဆက်ပြောသည်။

“ကိုသိန်းထွန်းအကြောင်းသိရလို့ မနက်ပိုင်းမှာ ကျနော်လိုက်သွားတော့
သူမြက်ရှင်းနေတာ တွေ့ရတယ်။ အဲဒါကို ကျနော်တို့လည်း
ဓာတ်ပုံတွေရိုက်ထားလိုက်တယ်။ သူတို့က မူးယစ် ရမ်းကားတယ်ဆိုပြီး
ခြောက်ပေါက်ထဲထည့်တာ။ တကယ်က မူးယစ်ရမ်းကားတာ လုံးဝမရှိပါဘူး။
ရွာကလူတွေအားလုံး သိကြပါတယ်။ အခုဟာက ကိုယ့်အိမ်ထဲအထိလည်း
လိုက်အထိုးခံရသေးတယ်။ ခြောက်ပေါက်ထဲလည်း အထည့်ခံရတယ်။ ဒီခေတ်မှာ
အုပ်ချုပ်ရေးမှူးအနေနဲ့ ခြောက်ပေါက်ချပိုင်ခွင့် မရှိသလို လူတယောက်ကို
အဓမ္မလုပ်အားပေး မြက်ရှင်းခိုင်းတာတွေ လုပ်လို့မရပါဘူး။ ဒါဟာ အာဏာကို
အလွဲသုံးစာလုပ်တဲ့ကိစ္စ ဖြစ်ပါတယ်”ဟု လယ်သမားများကို လိုက်ပါကူညီပေးနေသည့်
လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှ ကိုမြင့်စန်းက ပြောသည်။

ယင်းကိစ္စအား ကာယကံရှင် ကိုသိန်းထွန်းက မကျေနပ်သဖြင့် ယခုလ ၃ ရက်နေ့က
လပွတ္တာ မြို့နယ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများဆီသို့
စာရေးတိုင်ကြားခဲ့ရာ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက ယခုလ ၉ ရက်နေ့တွင်
ကိုသိန်းထွန်းအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ရုံးကပြောတာတော့ ဒီလိုမျိုး ခြောက်ပေါက်ချတာတွေ၊
မြက်ရှင်းခိုင်းတာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့
လုပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အခုက အဓမ္မလုပ်အားပေးတဲ့ဟာတွေလည်း ပါနေတော့
သက်ဆိုင်ရာအထက်ဌာနတွေကို တင်ပြပေးပြီးရင် အကြောင်းပြန်ပါ့မယ်လို့
ပြောတယ်”ဟု ထိုးကြိတ်ခံခဲ့ရသည့် ကိုသိန်းထွန်းက ပြောသည်။

thithtoolwin