အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ယခင်နှစ်ထက် ထက်ဝက်ခန့်လျော့ကျ

ပို့စ်တင်ချိန် - 12/27/2013 10:53:00 AM


ရန်ကုန်၊ ဒီဇင်ဘာ ၂၅

နှစ်ကုန်ပိုင်း နှစ်သစ်ကူး ကာလတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပုံမှန်လျော့ကျလေ့ ရှိသော်လည်း ယခုနှစ်မှာမူ ယခင်နှစ်ထက် ထက်ဝက်ခန့် လျော့ကျကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

ရန်ကုန်မြို့တွင် မြေအသုံးချမှုဇုန် အမျိုးအစားများ ခွဲခြားသတ်မှတ်မည်ဟု ဒီဇင်ဘာလဆန်းက ကြေညာခဲ့သည့်အတွက် အရောင်းအဝယ် ထပ်မံလျော့ကျခြင်းကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့ကျခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့် နေကြတာပါ။ ဇုန်သတ်မှတ်ချက် တည်နေရာတွေ ထွက်လာရင်တော့ အရောင်းအဝယ် ပြန်ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အောက်တိုဘာလဆန်းက ထုတ်ပြန်ခဲ့သော မြို့နယ်အလိုက် ပေးဆောင် ရမည့် အခွန်နှုန်းထားများသည် ရင်းနှီးမြှုပ်နှံသူ များကို အိမ်၊ ခြံ၊ မြေ ဝယ်ယူရေး အဟန့်အတား ဖြစ်စေသောကြောင့် ယခုနှစ်ကုန် အရောင်းအဝယ်သည် ယခင်နှစ်ထက် ပိုမိုလျော့ကျခြင်း ဖြစ်ကြောင်း အာရှမြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဒေါ်လီလီက ပြောကြားသည်။
“အခွန်နှုန်းက တော်တော်များတော့ ဝယ်ရောင်းသမားတွေ စိတ်ကြိုက် ကစားလို့ မရတော့ဘူး” ဟု ၎င်းကဆိုသည်။

မြေကွက်များ၊ လုံချင်းအိမ်များ အရောင်းအဝယ် လျော့ကျနေသော်လည်း အခွန်ပေးဆောင်ရခြင်း မရှိသေးသော တိုက်ခန်း ကွန်ဒိုများသည် အရောင်းအဝယ် ပုံမှန်အတိုင်း ဆက်လက် တည်ရှိနေကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့၏ နှစ်သစ်ကူးအိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အရောင်းအဝယ် လျော့ကျမှုများ ရှိသော်လည်း စံချိန်တင် မြင့်တက်ခဲ့သော ဈေးနှုန်းများမှာမူ လျော့နည်းကျဆင်းမှု မရှိသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။

The Voice Weekly Myanmar