အလောင်းမင်းတရား နဲ့ စမတ်ဖုန်း

ပို့စ်တင်ချိန် - 12/16/2013 08:15:00 AM


ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ မနေ့က အလောင်းမင်းတရားကို တွေ့ရပါတယ်။

လက်မှာလည်း စမတ်ဖုန်းတလုံး ကိုင်ထားတာကို တွေ့ရပါတယ်။

အလောင်းမင်းတရား ဆိုရင် သံလျက်၊ ဓား၊ လှံ တခုခု ကိုင်ထားရင် ပိုသင့်တော်ပါတယ်။

သို့သော်လည်း ကွင်းထဲကို အဲသဟာတွေကို အစစ်မဟုတ်ရင်တောင် ပုံစံတူ  ယူသွားဖို့ ခက်ခဲတာကြောင့် စမတ်ဖုန်းကိုပဲ ကိုင်ထားရခြင်းဖြစ်ပါလိမ့်မယ်။

အလောင်းမင်းတရားခေတ်တုန်းက တယ်လီဖုန်း မပေါ်သေးပါ။ ပေါ်ခဲ့ရင် စစ်မြေပြင်ကို ကိုယ်တိုင် မသွားဘဲ နေပြည်တော်မှာနေပြီး  ညွှန်ကြားချက် ပေးမယ်လို့ ယူဆရပါတယ်။

တယ်လီဖုန်း မပေါ်သေး၊ ဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ရှေးခေတ်က စစ်ခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင် ရောက်ခဲ့ကြပုံပေါ်ပါတယ်။
သုဝဏ္ဏကွင်းမှာ မြင်ရတဲ့ အလောင်းမင်းတရားက အတော်လေး နုပျိုနေပါတယ်။
ဘောလုံးပွဲမှာ အလောင်းမင်းတရားအသွင်ကို ဘာကြောင့် ယူရတာလဲ။
ရှေးတုန်းက ဘုရင်များခေတ်မှာ ဘောလုံးကန်ခြင်း မရှိသေးပါဘူး။

မြန်မာပရိသတ်တချို့ အလောင်းမင်းတရားအသွင် ယူရခြင်းက ဘောလုံးပွဲမှာ ကန်တဲ့အသင်းများဟာ မြန်မာနဲ့ထိုင်းအသင်းတို့ ဖြစ်လို့ပါပဲ။

 အလောင်းမင်းတရားက သူ့ခေတ်မှာ ထိုင်းနိုင်ငံဘက်က ဒေသအများအပြားကို  စစ်ဆင်ခဲ့တယ်၊ နိုင်ခဲ့တယ်။ သူဟာ ထိုင်းကို အနိုင်ရခြင်းရဲ့ သင်္ကေတ။

ဒါကြောင့် ဟိုတနေ့က ထိုင်းနဲ့ ယှဉ်ပြိုင်ကြတဲ့ဘောလုံးပွဲမှာ မြန်မာပရိသတ်တချို့ အလောင်းမင်းတရားအသွင် ယူရခြင်းဖြစ်ပါတယ်။
ဒီလို အသွင်ယူခြင်းဟာ အငြင်းပွားဖွယ် သေချာပေါက် ဖြစ်နိုင်ပါတယ်။
ပဋိပက္ခဖြစ်လာဖွယ်ရှိတယ်လို့ ထောက်ပြသူ ရှိသလို သမိုင်းထဲက လေးစားဖွယ် ဘုရင်တပါးပုံစံမျိုး အသွင်ယူရာမှာ ဖြစ်ကတတ်ဆန်း မလုပ်သင့်ဘူးလို့ ဆိုသူလည်း ဆိုနိုင်ပါတယ်။

အဲဒီနေ့က ဒီလို အသွင်ယူပုံကြောင့် ပြဿနာ မဖြစ်ခဲ့ဘူးလို့ ယူဆရပါတယ်။
ဧရာဝတီ သတင်း Myanmar News