ဒေါ်အောင်ဆန်းစုကြည်၏ မြင်းဖြင့်ပြိုင်ရန် ကမ္ဘောဒီးယား ကစားသမား မဲပေါက်

ပို့စ်တင်ချိန် - 12/16/2013 08:30:00 AM


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အလှမြင်းစီး ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိ မြင်းစီးကွင်း၌ ကျင်းပမည်ဖြစ်ရာ ကမ္ဘောဒီးယား ကစားသမားက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြင်းဖြင့် ယှဉ်ပြိုင်ခွင့် ရခဲ့ကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဦးသန်းဝင်းက ပြောကြားသည်။

SEA Games ပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်ကြသည့် ကစားသမားအားလုံး ၄င်းတို့ စီးနင်း ယှဉ်ပြိုင်ရမည့် မြင်းများကို ဒီဇင်ဘာလ ၁၂ ရက်နေ့က မဲခွဲ ဆုံးဖြတ်ပြီးနောက် ယင်းသို့ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုင်းဘုရင့်မြေးတော် ကထိပ်ကွက် အမည်ရ မြင်းဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြင်းစီး အားကစားနည်းသည် သက်ရှိနှစ်မျိုး ယှဉ်ပြိုင်ရသည့် တစ်ခုတည်းသော အားကစားနည်း ဖြစ်၍ စီးနင်း ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်မြင်းများကို အကောင်း၊ အညံ့ ရောထားပြီး ယှဉ်ပြိုင်မည့် ကစားသမား ကိုယ်တိုင် မဲနှိုက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ဖြည့်စွက် ပြောကြားသည်။

မြင်းအလှစီးပြိုင်ပွဲကို ပြိုင်ပွဲဝင် ခြောက်နိုင်ငံမှ ကစားသမားများ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ပြိုင်ပွဲဝင် မြင်းအကောင် ၆၀ အနက် မြန်မာမြင်းများ အပါအဝင် သြစတေးလျ နိုင်ငံမှ တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းငါးထောင်ဖြင့် ဝယ်ယူခဲ့သည့်မြင်း ၂၄ ကောင်လည်း ပါဝင်မည်ဖြစ်သည်။

လက်ရှိအချိန်၌ တာဝေး မြင်းစီးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံက ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမြင်းအလှ ပြိုင်ပွဲကို သွားရောက် ကြည့်ရှုမည် ဖြစ်သည်။
The Voice Weekly Myanmar