အာဏာရယူရန် ပါတီထောင်ထားခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ပို့စ်တင်ချိန် - 12/16/2013 01:48:00 PM


သာယာဝတီ၊ ဒီဇင်ဘာ ၁၅

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် အရွေးခံလိုကြောင်း ပြောဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် မြန်မာနိုင်ငံရေးတွင် အာဏာရယူ လိုသောကြောင့် ထူထောင်ထားသည့် ပါတီတစ်ခု မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြုလုပ်သည့် ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒ ရယူပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံကို စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရန် ထူထောင်ထားသည့် ပါတီ ဖြစ်ကြောင်း ၎င်းက “ကျွန်မတို့ အဖွဲ့ချုပ် (NLD ပါတီ) က အာဏာရယူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး။ ဒီမိုကရေစီ ရယူဖို့အတွက် ဖွဲ့စည်းထားတာ” ဟု ဆိုသည်။

နိုင်ငံရေးပါတီ တစ်ခုသည် အစိုးရတစ်ဖွဲ့ ဖွဲ့စည်းရန် ယှဉ်ပြိုင်နိုင်ခွင့် ရှိပြီး ယင်းယှဉ်ပြိုင်မှုကို ကန့်သတ်သော အစိုးရသည် ဒီမိုကရေစီ စံနှုန်းများကို ချိုးဖောက်သော အစိုးရသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ အခြေခံ စံနှုန်းများအရ မှန်ကန်ကြောင်း၊ ၎င်း၏နှစ် ၂၀ ကျော် ဒီမိုကရေစီ တိုက်ပွဲအတွေ့အကြုံနှင့် ယှဉ်၍ ပြောကြားသည်ဟု ယူဆကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေးအဖွဲ့ဝင် ဦးအောင်သောင်းက မှတ်ချက်ပြုသည်။
“သူပြောသလို အထိုက်အလျောက် မှန်ပါတယ်။ အခြေခံ ချက်တွေကတော့ တစ်ယောက် တစ်မျိုးစီပေါ့” ဟု ၎င်းကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအနေနှင့် အာဏာရယူ လိုခြင်းကြောင့် ပါတီ ထူထောင်ခြင်း မဟုတ်ဟု ဆိုသော်လည်း နိုင်ငံရေးပါတီ တစ်ခုသည် အစိုးရအဖြစ် ရွေးချယ် တင်မြှောက်ခံရမှသာ နိုင်ငံ၏ တိုးတက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အခြားသော လုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်ရန် အာဏာ လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက် များနေပြီး တရားမျှတမှု မရှိသည့်အတွက် ယင်းအခြေခံ ဥပဒေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပ ပါကလည်း ရွေးကောက်ပွဲ ရလဒ်မှာ တရားမျှတမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းသမ္မတအဖြစ် ယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင် ပေးရမည် ပြောဆိုထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော် သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံရန် နိုဝင်ဘာလ ၂၃ ရက်နေ့ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးထံသို့ မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

The Voice Weekly Myanmar