ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့် ပြည်သူလူထု၏ စိုးရိမ်မှုများအား ဖြေဖျောက်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ တောင်းဆို

ပို့စ်တင်ချိန် - 12/31/2013 11:15:00 AM



ပြည်သူလူထုအများစု ယုံကြည်အားထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိနေသည့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်သူလူထု၏ သံသယစိတ်၊ စိုးရိမ်ပူပန်မှုတို့အား လျှော့ချပေးရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ တောင်းဆိုသည့် ကြေညာချက်အား ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့နိုင်ငံရေးတွင် အရေးတကြီး ဖြေရှင်းရန်လိုအပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆသဖြင့် ထိုမေတ္တာရပ်ခံချက်ကို ထောက်ခံသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဖော်ပြခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖယ်သဖြင့် ပြင်ကိုပြင်ဆင်သင့်သည့် ဥပဒေဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လေးပွင့်ဆိုင်တွေ့ဆုံခြင်းဖြင့် ပြည်သူလူထုအကြား ဖြစ်ပေါ်နေသည့် သံယသများကို ဖြေဖျောက်နိုင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် အချိန်ကြာမြင့်မှုကိုလည်း ကျော်လွှားနိုင်မည်ဖြစ်သဖြင့် တိုင်းပြည်အတွက် ကောင်းကျိုးသက်ရောက်မှုများ ပေါ်ထွန်းလာမည်ဟု ယုံကြည်ကြောင်းကိုလည်း ဖော်ပြထားသည်။ ၂၀၀၈ အခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်သလို၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နှောင့်နှေးစေပြီး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့ကိုလည်း အာမခံချက်မပေးနိုင်သောကြောင့် ပြင်ဆင်ရန်ကြာမြင့်ပါက တိုင်းပြည်နစ်နာမည်ဖြစ်သောကြောင့်လည်း အမြန်ဆုံးပြင်ဆင်သင့်သည်ဟု အကြံပြုထားသည်။

eleven media group