အမေရိကန်စစ်တပ်ရဲ့ မြွေဆိုးတွေ သောင်းကျန်းနေတဲ့ ဂူအမ်ကျွန်း ထိုးစစ်

ပို့စ်တင်ချိန် - 12/05/2013 09:03:00 AM


 မြွေဆိုးတွေ သောင်းကျန်းနေတဲ့ ဂူအမ်ကျွန်းကို အမေရိကန်စစ်တပ်က ထိုးစစ်ဆင်နေပါပြီ။

အဆိပ်ပြင်းတဲ့မြွေဆိုးတွေ အရေအတွက် များပြားလွန်းတဲ့အတွက် ထိုးစစ်ကြီးတခု ပြင်ဆင်ခဲ့ရတာပါ။

မနေ့က အွန်လိုင်းထဲ ရောက်လာတဲ့သတင်းတွေအရ ဆိုရင် ကြွက်သေ အကောင် ၂,ဝဝဝ ကို ကျွန်းပေါ်က အမေရိကန်လေတပ်အခြေစိုက်စခန်း ဝန်းကျင်ပေါ် လေထီးနဲ့ချနေပါပြီ။
ဒါဟာ ရုပ်ရှင်ထဲက ပြကွက်လိုလို ဘာလိုလို ထင်ရပါလိမ့်မယ်။ သို့သော်လည်း ဒါဟာ ရုပ်ရှင် ဇာတ်ကား မဟုတ်ရေးချ မဟုတ်၊ စစ်ဆင်ရေးကြီးတခုကို အမှန်တကယ် အကောင်အထည်ဖော်နေခြင်းပါ။

ဂူအမ်ကျွန်း ဆိုတာ အမေရိကန်အစောင့်အရှောက်ခံကျွန်းလေး။ ပစိဖိတ်သမုဒ္ဒရာထဲမှာပါ။ လူဦးရေ တသိန်းကျော်ရှိပါတယ် တဲ့။

ဆိုခဲ့သလိုပဲ အမေရိကန်လေတပ်စခန်း ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဆီက၀င်တဲ့ငွေ အတော် အားကောင်းပါလိမ့်မယ်။ သို့သော် မြေပုံထဲ မြင်ရတဲ့အတိုင်း ဂူအမ်ကျွန်းက အမေရိကန်နဲ့ အဝေးကြီးပါ။ အာရှနိုင်ငံများ အထူးသဖြင့် ဖိလစ်ပိုင်နဲ့ ပိုနီးပါတယ်။ ရှေးတုန်းက ဂျပန်တွေ ကျူးကျော်ခဲ့တဲ့ကျွန်းပါ။
အပေါ်ပုံမှာ ကျွန်းနေရာကို ထင်သာမြင်သာရှိအောင် ကြယ်ပွင့်ကြီးကြီးပြထားပေမယ့် ကမ္ဘာ့မြေပုံအသေးထဲ ကြည့်လိုက်ရင် ဂူအမ်ကျွန်းက ခပ်ဖျားလောက်တောင် ရှိချင်မှ ရှိပါလိမ့်မယ်။ အင်မတန် သေးပေမယ့် မြန်မာပိုင် ကိုကိုးကျွန်းထက်တော့ အများကြီး ကျယ်ပါတယ်။

မြွေအကြောင်း ဆက်ရရင် ဂူအမ်မှာ အရေအတွက် များလာတဲ့ ဒီမြွေဆိုးတွေကြောင့် ဒေသခံငှက်မျိုးစိတ်တွေ မဟာဒုက္ခ တွင်းဆုံးကျတယ်၊   လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ပျက်စီးတယ်လို့ ဆိုတယ်။

ဒီမြွေတွေကို စစ်ဆင်ရေးမှာ ကြွက်တွေကို ဘယ်လို စီမံထားပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
NBC သတင်းဌာနရဲ့အဆိုအရ...  ကြွက်သေ အကောင် ၂,ဝဝဝ ကို အဆိပ်သွပ်ထားပါတယ်၊
ကြွက်သေကို မြိုချမိတဲ့မြွေ ဂိန်သွားမယ်လို့ ဆိုတယ်။
လေတပ်သတင်းစာမျက်နှာ Air Force Times အဆိုအရတော့ တခြား တိရိစ္ဆာန်တွေကိုလည်း မဆိုစလောက် ထိခိုက်နိုင်ပါတယ် တဲ့။

ရဟတ်ယာဉ်တွေ  ခပ်နိမ့်နိမ့်ပျံပြီး ကြွက်သေတွေကို သွားချတယ်၊ ကြွက်သေမှာ  စက္ကူနဲ့လုပ်ထားတဲ့လေထီး တပ်ထားတယ်လို့ ဆိုတယ်။
လေထီးတွေ သစ်ပင်မှာ သွားချိတ်ရင် အဲဒီမြွေတွေ သေချာပေါက် စားကြမှာ ဆိုပဲ။

စာဖတ်သူတယောက် ထောက်ပြတာကတော့ ကြွက်က အသက်မရှိရင် အေးစက်စက် ဖြစ်သွားလိမ့်မယ်၊ အသက်မရှိဘူး နွေးမနေဘူး ဆိုရင် မြွေက စားမှာ မဟုတ်ဘူး တဲ့။
ကြွက်သေ ၂,ဝဝဝ အရင်းပြုထားတဲ့ အမေရိကန်စစ်တပ်ကလည်း ဒီအချက်ကို တွက်မိကောင်း တွက်မိမယ်၊  သေချာ လေ့လာပြီး စမ်းသပ်ပြီး ဖြစ်ပါလိမ့်မယ်။
သားကောင်က ပုံမှန်ထက်ပိုပြီး အေးစက်စက်ဖြစ်နေတယ် အနွေးဓာတ်ရှိမနေဘူး ဆိုရင်လည်း ဗိုက်ဆာတဲ့မြွေက စားမှာပဲမဟုတ်လားလို့လည်း တွေးနိုင်ပါတယ်။

ဒီစစ်ဆင်ရေးကြီးရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၈ သန်း ရှိတယ်လို့ သတင်းတပုဒ်က ဆိုပါတယ် တဲ့။
စစ်ဆင်ရေးအောင်မြင်ရင်တော့ ကျွန်းပေါ်က တခြားနေရာတွေကိုလည်း တိုးချဲ့ ထိုးစစ်ဆင်ဖွယ်ရှိပါတယ်။

ဒါက   Yahoo သတင်းတပုဒ်ကို ကိုးကား ရေးထားတာပါ။
မနေ့ကပေါ်လာတဲ့ ဒီသတင်းအောက်မှာ စာဖတ်သူမှတ်ချက် ငါးထောင်ကျော် တွေ့ရပါတယ်။ မနေ့က တွေ့ရတာပါ။ ဒီနေ့ ဒီထက် များပါလိမ့်မယ်။

စာဖတ်သူတချို့ကတော့ ကုန်ကျစရိတ် သက်သာမယ့် နည်းလမ်းတခုကို ထောက်ပြပါတယ်။
မြွေတကောင် လာအပ်ရင် ငါးဒေါ်လာပေးမယ် ဆိုပြီး ကြေညာသင့်တယ် တဲ့။ ဒါဆို ငွေကုန်ကြေးကျ နည်းမယ်၊ ဒေသခံတွေလည်း ၀င်ငွေတိုးမယ် တဲ့။

ဒီမြွေကို brown tree snake လို့ သတင်းမှာ သုံးထားပါတယ်။ သစ်ပင်တွေမှာတွေ့ရတတ်တဲ့ အညိုရောင်မြွေ ဆိုပါစို့။

ဒီမြွေတွေက ဒီကျွန်းရဲ့ ဒေသခံတွေ မဟုတ်ဘူး၊ တခြားနေရာကနေ သွင်းလာတာဖြစ်ပါတယ်။
ဒေသခံမြွေ မဟုတ်ဘူးဆိုရင် သူတို့ဟာ ပြဿနာကောင်တွေ ဖြစ်လာတတ်တယ် ထင်ပါရဲ့။
အမေရိကန်တို့ရဲ့ ဖလော်ရီဒါပြည်နယ်မှာလည်း ဒုက္ခပေးတဲ့မြွေတွေ ရှိနေပါတယ်။ သူတို့ကတော့ မြန်မာ့မြွေမျိုးစိတ်ပါ။  Snakes Alive—and they’re Burmese! ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီက ဖော်ပြထားပါတယ်။ http://www2.irrawaddy.org/article.php?art_id=17147 မှာ ဖတ်ပါ။
ဂူအမ်ကျွန်းရောက် နိုင်ငံခြားနွယ်ဖွားမြွေတွေက ပေါက်ဖွားနှုန်းများပြားတယ်၊ ပြီးတော့ ငှက်ဥတွေလိုက်စားတဲ့အတွက် ငှက်မျိုးစိတ်တချို့ မျိုးသုဉ်းတာရှိတယ်၊ ကလေးတွေကိုလည်း အန္တရာယ်ပြုလို့ ကလေးတွေ မကြာခဏ သေတယ်၊ ဒါကြောင့် မြွေနှိမ်နင်းရေးလုပ်တာ သင့်လျော်တယ်လို့ ထောက်ပြသူလည်း ရှိပါတယ်။

ဒီစစ်ဆင်ရေးကြီးရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၈ သန်း ဆိုသော်လည်း ကြွက်အကောင် နှစ်ထောင်ချရုံနဲ့ ပြီးချင်မှ ပြီးမယ်၊ ကြွက်ပေါင်းများစွာ ချရန် ရှိပါသေးတယ်လို့လည်း ယူဆနိုင်ပါတယ်။

ရှေ့တန်းစစ်ဆင်ရေးအခြေအနေနဲ့ ပတ်သက်ပြီး  လေထီးဆင်းကြွက်တွေက နောက်တန်းစစ်ဆင်ရေးဌာနကို ဘယ်လို သတင်းပြန်ပို့မလဲ။
ကြွက်တချို့ကိုတော့ ဆက်သွယ်ရေးကရိယာလေးတွေ တပ်ဆင်ပေးလိုက်ပါတယ် တဲ့။ ဒီတော့ တိုက်ပွဲအခြေအနေကို နောက်တန်းကနေ ခန့်မှန်းနိုင်ပြီပေါ့။

မြွေဆိုးနှိမ်နင်းရေးမစ်ရှင်က စိတ်ဝင်စားစရာကောင်းနေပါပြီ။
ဒီအကြောင်းအရင်းပြုပြီး ရုပ်ရှင်ရိုက်တာမျိုးတောင် ဖြစ်လာနိုင်တယ်လို့ ထင်ရပါတယ်။
ဧရာဝတီ Myanmar News