ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်နှစ်ဦး - သမ္မတဦးသိန်းစိန် (မြန်မာ) နှင့် ဥက္ကဋ္ဌ ငုယင်ဗင်လင့် (ဗီယက်နမ်)

ပို့စ်တင်ချိန် - 12/10/2013 08:00:00 PM


Doi Moi အင်္ဂလိပ် စကားလုံး Renovation ဟု အဓိပ္ပာယ်ရှိသည့် ပြုပြင် ပြောင်းလဲမှုတွင် လေးနှစ်အတွင်း ဥရောပါ၊ အမေရိကတို့နှင့် ဆက်ဆံရေး ပြန်လည် ရရှိခဲ့သည်။ စက်မှုလယ်ယာ၊ ကုန်ထုတ်လုပ်ငန်း အများတွင် တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ သို့သော် ၁၉၉၀ နောက်ပိုင်းတွင် ယခင်အရိုး စွဲနေသော အကျင့်များ၊ ကြိုးနီစနစ်များ မကုန်နိုင်သောကြောင့် နှေးကွေး သွားရပြန်သည်။ ၂၀၀၄ နောက်ပိုင်းတွင် ပြည်ပရောက် ဗီယက်နမ်များစွာ ပြန်လာသောကြောင့် စီးပွား ပြန်လည် တိုးတက် လာသော်လည်း မှန်းသလောက် ဖြစ်မလာသေးပါ။

ငုယင်ဗင်လင့် ၁၉၉၁ မှာ ကျန်းမာရေးအရ အနားယူသွားပြီး ဗီယက်နမ်ရဲ့ ပြုပြင်ပြောင်းလဲမှု ပြဿနာများကို ဆက်လက်ပြောဆို ရေးသားခဲ့သည်။ အထူးသဖြင့် ဆင်းရဲချမ်းသာ ကွာခြားလွန်းခြင်း၊ အမေရိကန် ကုမ္ပဏီများက ဗီယက်နမ်များကို နည်းပညာ မပေးဘဲ၊ အမေရိကန် ရောင်းမကုန်ပစ္စည်း တွေပဲ လာပုံချ သွားခြင်းများကို အပြစ်တင် ရေးသားခဲ့သည်။ ဗီယက်နမ် ခေါင်းဆောင်များ ကြားတွင် ခြစားမှု၊ အာဏာ အလွဲသုံးမှုများ ဖြစ်လာပြန်သည်ကို ခေါင်းဆောင်ဟောင်းကြီးက ထောက်ပြခဲ့သည်။

Nguyen Van Linh (ငုယင်ဗင်လင့်) ကို ယခုမြန်မာနိုင်ငံ အစိုးရသစ်၏ သမ္မတဦးသိန်းစိန်နှင့် ခိုင်းနှိုင်း လိုပါသည်။

၁၉၈၆ တွင် ဗီယက်နမ်တွင် ဆင်းရဲမွဲတေလှမှုကြောင့် ပြုပြင် ပြောင်းလဲရန် ပြည်သူနှင့် ကွန်မြူနစ်ပါတီက တွန်းအားပေးလာသည်။ သမားရိုးကျ ကွန်မြူနစ် ခေါင်းဆောင် Truong Chinh မှာ အသက် ၈၀ တွင် အနားယူသွားပြီး ခေါင်းဆောင်သစ် Nguyen Van Linh (ငုယင်ဗင်လင့်) ၇၁ နှစ် ပြုပြင် ပြောင်းလဲမှုကို ခေါင်းဆောင်ခဲ့သည်။ ယခု မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် လုပ်ဆောင်သကဲ့သို့ အရှေ့၊ အနောက်၊ အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံ အားလုံးနှင့် ပြန်လည် ဆက်ဆံနိုင်ခဲ့သည်။

ပြည်သူပိုင်များကို ပုဂ္ဂလိကပိုင် ပြောင်းလဲသည်။ ငွေကြေးစနစ် တည်ထောင်သည်။ မှောင်ခို ငွေမည်း ဈေးကွက်ကို ဖျက်သိမ်းနိုင်သည်။ အထူးခြားဆုံးမှာ ငြိမ်းချမ်းရေးများကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစဉ်က ဗီယက်နမ်သည် လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် စစ်တပ် စေလွှတ် ထိန်းချုပ်ထားသည့် အတွက် စစ်စရိတ် အလွန်ကြီးလှသည်။ ထိုနှစ်နိုင်ငံမှ ဗီယက်နမ် စစ်တပ်ကို ပြန်လည် ရုပ်သိမ်းနိုင်ခဲ့သည်။ ဗီယက်နမ် လူမျိုးကြီး ဝါဒီများက မကျေနပ်ကြပါ။ ထိုလူစုသည် လက်ရှိ ကွန်ဂရက်တွင်လည်း ကြီးမားသော အတိုက်အခံအုပ်စု ဖြစ်နေပါသည်။ ငုယင်ဗင်လင့်သည် သမ္မတဦးသိန်းစိန် ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုဥပဒေ၊ ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ဥပဒေများကို ဗီယက်နမ် ကွန်ဂရက်တွင် ပြဋ္ဌာန်း အတည်ပြု အကောင်အထည် ဖော်ခဲ့သည်။

သို့သော် ခေါင်းဆောင် ငုယင်ဗင်လင့်သည် သန့်ရှင်းသော အစိုးရ ဖြစ်အောင်၊ ခြစားမှုများ၊ အာဏာ အလွဲသုံးစားမှုများ လုပ်နေသော သမားရိုးကျ အရိုးစွဲနေသည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အပြစ်တင် တိုက်ခိုက်မှု များစွာကို ပြုလုပ်ခဲ့သည်။ ထိုအုပ်စုကလည်း ငုယင်ဗင်လင့်၏ ပေါ်လစီများကို နည်းမျိုးစုံနှင့် တိုက်ခိုက်ကြသည်။ သို့သော် ငုယင်ဗင်လင့်သည် ပန်းပန်လျက်ပင် ဖြစ်သည်။ အတိုက်အခံ ခေါင်းမာသူ၊ သမားရိုးစွဲ အုပ်စုကလည်း ကွန်ဂရက်တွင် ဆက်လက်ရှိနေသည်။ ယခု မြန်မာပြည်တွင် ဖြစ်သကဲ့သို့ အာဏာနှင့်ငွေရှိသော ခရိုနီများနှင့် နိုင်ငံခြား ငွေကြေး ရှိသူများက နိုင်ငံရေး ခေါင်းဆောင်ဘဝမှ စီးပွားရေး သူဌေးကြီးများ ဘဝသို့ ပြောင်းလဲကြသည်။ ဗီယက်နမ်တွင် နိုင်ငံခြား ကုမ္ပဏီများစွာ လာရောက် ရင်းနှီးမြှုပ်နှံကြရာတွင် ယခု မြန်မာပြည်တွင် ဖြစ်နေသကဲ့သို့ အာဏာပိုင်များနှင့် ပေါင်းပြီး ဝန်ထမ်းများ ခြစားမှု အကြီးအကျယ် ဖြစ်ပေါ်လာသည်။

ခေါင်းဆောင် ငုယင်ဗင်လင့်၏ ရိုးသား ဖြောင့်မတ်မှုဖြင့် ပေါ်လစီများကို အကောင်းဆုံး ဖြစ်အောင် ချပေးထားသည်။ ၁၉၉၀ ပါတီ ခေါင်းဆောင်သစ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို နောက်ထပ် သက်တမ်း ခေါင်းဆောင် မလုပ်တော့ဘူးဟု ကြေညာခဲ့သည်။ ပြောသည့်အတိုင်း ခေါင်းဆောင်ရွေးပွဲ တွင် သူမပါဘဲ ခေါင်းဆောင်သစ်ကို ကွန်ဂရက်မှ လွတ်လပ်စွာ ရွေးချယ်စေခဲ့သည်။ ၁၉၉၁ ကွန်ဂရက်က ပြုပြင် ပြောင်းလဲမှု ဘက်တော်သား Đỗ Mười ကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်ခဲ့သည်။ ငုယင်ဗင်လင့်သည် ၁၉၉၇ ခုအထိ ပါတီ ဗဟိုကော်မတီ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၇ အရှေ့တောင်အာရှ စီးပွားကပ်ကာလ

သူ့နောက် တက်လာသော Đỗ Mười သည်လည်း ပြုပြင် ပြောင်းလဲရေးသမားပင် ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး များလည်း နှေးကွေးသွားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံကဲ့သို့ အတိုက်အခံများကို ကွန်ဂရက်ပါတီတွင် ပါဝင်စေသည့် ပွင့်လင်းသော နိုင်ငံရေးစနစ်ကို အာဏာကိုင်စွဲသူ ကွန်မြူနစ် များက ခွင့်မပြုခဲ့။ နိုင်ငံရေး အတိုက်အခံများ ပြည်တွင်း၊ ပြည်ပအားလုံးကို နှိပ်ကွပ်မှု ဆက်လက် လုပ်ဆောင်ခဲ့သည်။ သို့သော် သတင်းစာ လွတ်လပ်ခွင့်၊ မီဒီယာနှင့် ဝေဖန်ပြောဆို၊ ရေးသားမှုများကို ခွင့်ပြုကြသည်။ မြန်မာပြည်တွင်လည်း ၁၉၉၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ စသည်တို့ဖြင့် တိုင်းပြည် စီးပွားမော့လာခဲ့သည်။ သို့သော် ၁၉၉၈ တွင် အရှေ့တောင် အာရှစီးပွားကပ် နှင့်အတူ မြန်မာပြည် အာဏာရှင် စနစ်ဟောင်းသို့ ပြန်ရောက် သွားခဲ့သည်။ ၁၂ နှစ်တိုင်အောင် အဆင်းရဲဆုံးနှင့် အခက်ခဲဆုံး စစ်အာဏာရှင် စနစ်အောက် အမှောင်ထု ဆက်လက် လွှမ်းမိုးခံရသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၉၉၈ ခုနှစ် အရှေ့တောင်အာရှ စီးပွားကပ် နောက်ပိုင်းတွင် ဗီယက်နမ် ပြုပြင်ပြောင်းလဲမှု တစ်ဟုန်ထိုး လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားရောက် ဗီယက်နမ်များ ပြန်လာရေးအတွက် ပေါ်လစီများ ချမှတ် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။

ငုယင်ဗင်လင့် အကြံပေး အရာရှိအဖြစ်မှ အငြိမ်းစားယူသည့် ၁၉၉၇ မှ သူကွယ်လွန်သည့် ၁၉၉၈ ဧပြီအထိ ခေါင်းဆောင်ဟောင်းကြီး မကျေနပ်မှုများကို ရင်ဖွင့်ခဲ့သည်။ (၈) ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ဆိုးများကို ပွင့်လင်းစွာ ဝေဖန် ပြောကြားခဲ့သည်။ လွတ်လပ်နေပြီ ဖြစ်သော ဗီယက်နမ် မီဒီယာ၊ သတင်းစာများတွင် စိတ်ဓာတ် မြင့်မြတ်မှု လိုအပ် ကြောင်း ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။ ရေဒီယို၊ တီဗီ၊ စာစောင် များတွင် ခုတ်ရာတခြား၊ ရှရာတခြား၊ မိမိတို့ရေးခဲ့သည့် ပေါ်လစီများမှာ လက်တွေ့ မအောင်မြင်ဟု ပြောခဲ့သည်။ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင် ခြစားသူများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ ငွေရှင်များ ပူးပေါင်း လုပ်စားမှုများကို ‘Things That Must Be Done Immediately’ ဟု အခန်းကဏ္ဍတစ်ခု ဖွင့်ကာ သေသည့်တိုင်အောင် ဆောင်းပါးများ ရေးသားသွားခဲ့သည်။ (တရုတ် ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် ... တိန့်ရှောင်ဖိန်မှာ အောင်မြင်ခဲ့သည်။ ချက်ကိုစလိုဗက်က ဗားကလပ်ဟာဗဲလည်း အောင်မြင်ခဲ့သည်။ ကိုးရီးယားသမ္မတ ပတ်ချုံဟီးလည်း လုပ်ကြံ ခံခဲ့ရသော်လည်း ပြုပြင် ပြောင်းလဲမှုများ အောင်မြင်ခဲ့သည်)။

ဗီယက်နမ် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ငုယင်ဗင်လင့် ကွယ်လွန်ခဲ့ပြီ။ သူကွယ်လွန်ပြီးချိန်တွင် တရုတ်ပြည်ကြီးသည် တစ်ဟုန်ထိုး ထိုးတက်လာပြီး တရုတ်စီးပွားရေး သမားများနှင့် ဗီယက်နမ် ခရိုနီ၊ မိုနိုပိုလီ၊ အာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံ မြစ်ဆုံ စီမံကိန်း၊ မြန်မာ လက်ပံတောင်းတောင် စီမံကိန်းကဲ့သို့ ပရောဂျက် များစွာကို (ပွင့်လင်းမြင်သာမှု မရှိဘဲ) လုပ်ခဲ့ကြသဖြင့် တိုင်းပြည်များစွာ နစ်နာခဲ့သည်။ မြန်မာပြည် ကဲ့သို့ပင် တရုတ်လက်နက် များစွာကို ဝယ်ယူခဲ့ပြီး ကြာကြာမခံ၊ သင်ခန်းစာများစွာ ရခဲ့သည်။ ယခုအခါ ဗီယက်နမ် ပြည်သူများသည် တရုတ် လုပ်ငန်းရှင်များကို အထူးသတိထား၊ ဆန့်ကျင်သော်လည်း ဗီယက်နမ် အစိုးရကမူ မလွန်ဆန်နိုင်ဆဲပင် ဖြစ်သည်။ ဗီယက်နမ်တွင် စက်မှု၊ စားကုန်လုပ်ငန်းများ တည်ထောင်ခဲ့သည့် ထိုင်းလုပ်ငန်းရှင် များစွာ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမျိုးသမီး များစွာရှိသော ဗီယက်နမ် လူဦးရေ သန်း ၁၀၀ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။

ဗီယက်နမ်သည် တရုတ်နှင့် စစ်ရေး ပူးတွဲ လုပ်ဆောင်မှုများ မရှိသကဲ့သို့ အမေရိကန်နှင့် ပြင်သစ် ကိုလိုနီများကိုလည်း အတိတ်ကြောင့် မယုံပါ။ သယံဇာတ ကြွယ်ဝလှသော (မြန်မာပြည်ထက် နှစ်ဆကြီးမားသည့်) ကမ်းလွန်ရေနံ၊ ဓာတ်ငွေ့လုပ်ငန်း များကို ရုရှားနှင့် အများဆုံး ပူးပေါင်း စီးပွားလုပ်ကိုင်သည်။ အထူးသဖြင့် ဗီယက်နမ် စစ်တပ်နှင့် စက်မှုလုပ်ငန်း ပညာတော်သင် ၉၀ ရာခိုင်နှုန်းမှာ ရုရှားပြည်သို့ သွားရောက် ဆည်းပူးနေသည်အထိ ရုရှား-ဗီယက်နမ် ချစ်ကြည်ရေး ကောင်းလှနေပါသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်လည်း သူ့သက်တမ်း လေးနှစ်တွင် ပေါ်လစီများကို အကောင်းဆုံး ချပေးထားပြီဟု ဂုဏ်ယူစွာဖြင့် မိန့်ခွန်းများ ပြောပါသည်။ နောက် သမ္မတ အစိုးရ သက်တမ်းကို မည်သူရမည် မသိနိုင်သေးသော်လည်း၊ နောက်သက်တမ်းတွင် ဗီယက်နမ်ကဲ့သို့ အရိုးစွဲနေသော နောက်ကြောင်း ပြန်လှည့်လိုသည့် စီးပွားရေး ခရိုနီအုပ်စုကို မဖယ်ထုတ်နိုင်သေးလျှင် ခက်မည်။

၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး ငုယင်ဗင်လင့်ကဲ့သို့ သတင်းစာများတွင် မကျေမနပ်နှင့် ဆောင်းပါးများ ရေးနေပါလိမ့်မည်။ သမ္မတဦးသိန်းစိန် ရေးခဲ့သမျှ ဥပဒေ အားလုံးလည်း ဗီယက်နမ် နိုင်ငံကဲ့သို့ ခရိုနီများက တလွဲအသုံးချ သွားပါလိမ့်မည်။ ဗီယက်နမ်ကို နမူနာယူပါ။

ထိုသို့ ခရိုနီများ ကြီးစိုးမည့် အရေးကို ကာကွယ်လိုပါက ၂၀၁၅ မတိုင်မီ ယခုကတည်းက NLD လွှတ်တော် အမတ်ကို ဝန်ကြီး သို့မဟုတ် ဒုဝန်ကြီး ခန့်ထားရန် လိုပါသည်။ ကြံ့ခိုင်ရေးပါတီ ကြီးစိုးမှုကို အင်ဒိုနီးရှားစတိုင် ပါတီများ လွတ်လပ်စွာ ပြိုင်ခွင့်ပေးပါကလည်း မဆိုးလှပါ။ နေရာမပေးလျှင် နောက်ကြောင်း ပြန်ဆွဲလိုသူများ ကြီးစိုးနေဦးမည်။

ဗီယက်နမ် ခေါင်းဆောင်သစ်သည် ၁၉၈၆ တွင် ဆင်းရဲမွဲတေမှုမှ လွတ်အောင် ယခုဦးသိန်းစိန် လုပ်နေသည်နှင့် တစ်ပုံစံတည်း ပြုပြင် ပြောင်းလဲမှု လုပ်ပါသည်။ လေးနှစ်ပြည့်သောအခါ ဥပဒေအားလုံး ပြုစုခဲ့ပြီဟု ဆိုကာ နောက် ပြုပြင် ပြောင်းလဲမှု ထောက်ခံသူ (ဥပမာ-ဦးရွှေမန်းလို လူကို) အာဏာလွှဲပေး လိုက်ပါသည်။ နောက်တက်သည့်လူက နောက်ကြောင်း ပြန်ဆွဲလိုသူများကို မကာကွယ်နိုင်သောကြောင့် ထင်သလို ဖြစ်မလာပေ။

အလားတူ ဦးသိန်းစိန် အနေနှင့် NLD ကို ဝန်ကြီး တစ်နေရာမျှပင် မပေးနိုင်ပါက ၂၀၂၀ တွင် သမ္မတဟောင်း ဦးသိန်းစိန် တစ်ယောက် ဗီယက်နမ် ခေါင်းဆောင်ဟောင်း ငုယင်ဗန်လင့် ကဲ့သို့ အငြိမ်းစားဘဝမှ သတင်းစာ၊ တီဗီတွေများတွင် မကျေမနပ်ဖြင့် ဆောင်းပါးများ အဆက်မပြတ် ရေးရင်း ဘဝ နောက်ဆုံးအချိန်များ ကုန်လွန်သွားမည်ကို မြင်ယောင်မိပါသည်။ ဒေါ်စုကို ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) ထဲလည်း မထည့်နိုင်၊ ငြိမ်းချမ်းရေး ကော်မတီထဲလည်း မထည့်နိုင်၊ အာဏာရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မြန် သုံးစေလိုသည်။ လက်ရှိတွင်မူ ခရိုနီများကို အကာအကွယ် ပေးလိုသူဟု မှတ်ချတ်ပြုခံရသူ ဦးရွှေမန်းက ကောင်းစွာ အသုံးချနေပေပြီ။

The Voice Weekly Myanmar