ဒီဖားနှစ်ကောင် ပုံပြင်

ပို့စ်တင်ချိန် - 12/14/2013 09:30:00 PM


ဖားအုပ်စု တစ်စုဟာ တောနက်ကြီးတစ်ခုကို ဖြတ်သန်းရင်း ခရီးထွက်ခဲ့ကြပါတယ်။ ဒီအုပ်စုထဲက ဖားနှစ်ကောင်ကတော့ ကံဆိုးပြီး ချိုင့်တွင်းနက်ကြီး တစ်ခုထဲကို ကျသွားခဲ့ပါတယ်။ တခြားဖားတွေဟာ ချိုင့်တွင်းကြီးက အလွန်နက်တာကို သိလိုက်တာမို့ ကျသွားတဲ့ ဖားနှစ်ကောင်ကို ကြည့်ပြီး “သူတို့တွေ သေတာပဲကောင်းတယ်”လို့ ပြောကြပါတယ်။

ဒီဖားနှစ်ကောင်ကတော့ ပြောတာတွေကို ဂရုမစိုက်ဘဲ သူတို့မှာရှိတဲ့ စွမ်းအားတွေ ထုတ်သုံးပြီး တွင်းထဲကနေ ခုံထွက်ဖို့ ကြိုးစားကြပါတယ်။ တွင်းပေါ်က ဖားတွေကတော့ ရပ်တန့်နေဖို့နဲ့ သေတာကမှ ကောင်းသေးတယ်လို့ပဲ ဆက်တိုက်ဆိုသလို အော်ပြောနေကြပါတယ်။ နောက်ဆုံးတော့ ဖားတစ်ကောင်ဟာ တွင်းပေါ်က ဖားတွေ ပြောတာတွေကို နားစိုက်မိလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်ဓာတ်ကျ လက်လျှော့လိုက်တာမို့ ပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။

ကျန်ဖားတစ်ကောင်ကတော့ အတတ်နိုင်ဆုံး အပြင်းအထန်ကြိုးစားပြီး ခုန်ထွက်ဖို့ကိုပဲ မနားမနေ ပြုလုပ်နေပါတယ်။ ဖားအုပ်စုကတော့ သူကိုကြည့်ပြီး ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ဖို့နဲ့ သေလိုက်ဖို့သာ အော်ပြောနေကြတယ်။ နောက်ဆုံးမှာ အစွမ်းကုန် ခုန်လိုက်တာမို့ တွင်းအပြင်ကို ထွက်လာနိုင်ခဲ့ပါတော့တယ်။

အပြင်ကိုရောက်တော့ တခြားဖားတွေက “ငါတို့ပြောတာ မင်းမကြားဘူးလား” လို့ ဝိုင်းမေးကြပါတယ်။ သူဟာ နားထိုင်းနေကြောင်း ဖားတွေကို ရှင်းပြလိုက်ပါတယ်။ တွင်းထဲမှာတုန်းက ဖားအုပ်စုကြီးဟာ သူကို ခုန်ထွက်နိုင်ဖို့ အော်ဟစ်အားပေးနေကြတာပဲလို့ ထင်နေခဲ့တာကြောင့် အစွမ်းကုန်ကြိုးစားပြီး ထွက်ခဲ့ခြင်းဖြစ်ပါတော့သည်။

သူငယ်ချင်းတို့ရေ…….
ဒီဖားနှစ်ကောင် ပုံပြင်လေးက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ စွမ်းအားဟာ လျှာဖျားမှာ ရှိတယ်ဆိုတာကို ဖေါ်ပြနေတာပဲ ဖြစ်ပါတယ်။ အားပေးတိုက်တွန်းတဲ့ စကားတစ်လုံးက စိတ်ဓာတ်ကျနေသူကို ပြန်လည်ထူမတ်စေသလို အခက်အခဲများကိုလည်း ကျော်လွှားအောင်မြင်စေပါတယ်။ ဒါကြောင့် မိမိဘာပြောပြော ဂရုတစိုက်ပြောတတ်ပါစေ။ တစ်ခါတရံ စကားကောင်းက အဆိုးဖြစ်ပြီး စကားဆိုးက အကောင်းဖြစ်တတ်တာတွေလည်း ရှိတတ်တာမို့ ဘယ်စကားမဆို အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောဆိုတတ်ဖို့လည်း လိုပါတယ်။ မိမိစကားတစ်လုံးကြောင့် တစ်ခြားလူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံး မပျက်သုဉ်းစေပါနဲ့။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ………..
လင်းမြတ်(ပန်းတောင်း)
ပုဂံအွန်လိုင်းမီဒီယာ