အထည်ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီး ဖောက်ထွင်းသမားများ ၀င်ရောက်ပြီး ငွေကြေးများ ယူငင်သွားခဲ့

ပို့စ်တင်ချိန် - 12/31/2013 09:16:00 AM



နယူးဒေလီ ၊ ၃၁-၁၂-၂၀၁၃

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၏ အရှေ့မြောက်ပိုင်း ဂျက်ဖရာဘတ် အရပ်ရှိ အထည်ဆိုင် တစ်ဆိုင် အတွင်းသို့ အမျိုးသမီး ဖောက်ထွင်း ဂိုဏ်းတစ်ဂိုဏ်း က ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းတွင် ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ရူပီး ၁၅ သိန်းခန့်ရှိ ငွေကြေးများ ကို ယူငင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ဆိုင်တွင် တပ်ဆင်ထားသည့် ဗီဒီယို မှတ်တမ်းများ အရ ဆိုင်အတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ခဲ့သူ အမျိုးသမီး များမှာ သုံးဦးဖြစ်ပြီး ၄င်းတို့သည် အသက်၂ဝ ကျော် အရွယ်ရှိ သူများ ဖြစ်သည်ဟု သိရသည်။၎င်းတို့အနက် အမျိုးသမီး တစ်ဦးသည် ကလေးငယ် တစ်ဦးကို ချီထား ကြောင်းနှင့် ၄င်းတို့မှာ မည်သူ မည်ဝါ ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

အမျိုးသမီး ဖောက်ထွင်းရေး သမားများသည် အဆိုပါ ဆိုင်၏ တံခါးကို ဂေါ်ပြားငယ် တစ်ခု အသုံးပြု၍ ဖွင့်ပြီး အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်း တွင်တွေ့ရှိရသည်ဟု သိရသည်။ ယင်းနောက် အမျိုးသမီးများ သည် ဆိုင်အတွင်းမှ အဝတ်အထည် များကို ယူဆောင် သွားခြင်း မရှိဘဲ အံဆွဲကိုလည်း အဆိုပါ ဂေါ်ပြားကို အသုံးပြု ဖွင့်လှစ်ပြီး အတွင်း၌ သိမ်းဆည်း ထားသည့် ငွေကြေးများ ကိုသာယူငင်သွား ခဲ့ကြောင်း ၊ ဆိုင်အလုပ် သမားတစ်ဦး က ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်း တွင် ဆိုင်တံခါးဟ နေသည် ကို တွေ့ရှိရပြီး နောက် ဆိုင်ရှင်ဖြစ် သူကို အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုမှတ်တမ်း အရ အမျိုးသမီး ဖောက်ထွင်းသမား များသည် အဆိုပါ ဆိုင်အတွင်းသို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၅ နာရီခန့်က ဖောက်ထွင်း ဝင်ရောက် ခဲ့ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မြ၀တီ