လူကောင်းမှ မူပြောင်းမယ်

ပို့စ်တင်ချိန် - 12/16/2013 08:00:00 AM


(written by မောင်ကြည်)

ကမ္ဘာကြီး၏ ဖြစ်တည်မှုကို တစေ့တစောင်း ပြန်ပြောင်းငဲ့ကြည့်လိုက်မယ်ဆိုလျှင် ယခုလက်ရှိ ၂၀၁၃ ဆိုသည့် ခုနှစ်သက္ကရာဇ် ကိုရောက်လာဖို့ ဖြတ်သန်းလာခဲ့ရသော ခရီးလမ်းသည် အကွေ့အကောက်၊ အနိမ့်အမြင့်၊ အတက်အကျ အလင်းအမှောင်တို့နှင့် ပြည့်နှက်နေပါလိမ့်မည်။ ထို့အတူ ၎င်းကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြကုန်သော လူသားများသည်လည်း ကမ္ဘာကြီးလိုပဲ အကွေ့အကောက် အနိမ့်အမြင့် အတက်အကျတွေရှိခဲ့မှာ အသေအချာပါပဲ။
ကမ္ဘာကြီးနှင့် လူသား၏သမိုင်းသည် ခေတ်အသီးသီးကို ဖြတ်သန်းလာခဲ့ရပါသည်။ စနစ်အမျိုးမျိုးကိုလည်း စမ်းသပ်ပုံဖော်လာခဲ့ရပါသည်။ ထို့ကြောင့် ခေတ်နှင့်စနစ်သည် အချိန်ဆိုသည့် ရေစီးကြောင်းထဲမှာ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလာခဲ့ပါသည်။

ဘယ်အရာမှ တစ်သမတ်တည်း တည်မနေရပ်မနေ ငြိမ်မနေပါ။ အရာအားလုံးသည် အချိန်နှင့်အမျှ ရွေ့နေလှုပ်နေ သွားနေပါသည်။ ၎င်းဖြစ်စဉ်ကိုပဲ သိပံ္ပပညာရှင်တို့က " ပြောင်းလဲခြင်းသီအိုရီ "ဟု သတ်မှတ်ခဲ့ကြ ပါသည်။ ပြောင်းလဲခြင်းသီအိုရီနှင့် မကင်းနိုင်သောကြောင့် ကမ္ဘာကြီးသည် ပြောင်းလဲခဲ့ရပါသည်။၎င်းကမ္ဘာကြီးပေါ်မှာပဲ "ပဒေသရာဇ်စနစ်"၊ "အာဏာရှင်စနစ်"၊ "အရင်းရှင် စနစ်"၊ "ဆိုရှယ်လစ်စနစ်" စသည့် စနစ်အမျိုးမျိုး ပြောင်းလဲခဲ့ပါသည်။ နောက်ဆုံးတော့ ကမ္ဘာကြီးသည် ၎င်းစနစ်ဟောင်းတွေနေရာမှာ "ဒီမိုကရေစီစနစ်" ကို အစားထိုးပြောင်းလဲခဲ့ပါသည်။ ပြောင်းလဲခြင်းသီအိုရီအရ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးလို လိုက်ပါပြောင်းလဲမှ သဘာဝကျပေလိမ့်မည်။ စနစ်ဟောင်းနေရာမှာ စနစ်ကောင်းကို အစားထိုးနိုင်မှသာ ပြည်သူတွေရဲ့လူနေမှုဘ၀ပြောင်းလဲတိုးတက်နိုင်ပါလိမ့်မည်။ တကယ်တော့ အာဏာရှင်စနစ်ဟောင်းနှင့် နှစ်ပေါင်း ၅၀ ခန့် အပြောင်းအလဲမရှိ ရပ်တည်ခဲ့သော ကျွန်တော်တို့နိုင်ငံအနေနှင့် " ဒီမိုကရေစီစနစ် " ကိုအစားထိုးပြောင်းလဲသင့်သည်မှာကြာပါပြီ။

ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်တုန်းက ပြောင်းလဲခြင်းသီအိုရီကို လက်မခံနိုင်သော လူတစ်စုသည် " အာဏာရှင်စနစ် " ကို ဖက်တွယ်ကာ " ဒီမိုကရေစီစနစ် " ကို တွင်တွင်ငြင်းဆန်ခဲ့ကြပါသည်။ " ဒီမိုကရေစီ " ဆိုသည့် စကားလုံးကို ဘီလူးသဘက်လို ကြောက်ရွံ့ကာ ဒီမိုကရေစီသည် ပြည်တွင်းဖြစ်မဟုတ် နိုင်ငံခြားဖြစ်ဟုယူဆကာ ဒီမိုကရေစီအကြောင်းပြောရင်ပဲ ပြည်ပအားကိုးလိုလို ဘာလိုလို ထင်မြင်ယူဆခဲ့ကြပါသည်။ " ဒီမိုကရေစီစနစ် " သည် ဘယ်အရပ်ဒေသကပဲလာလာ မိမိတို့နိုင်ငံအတွက် အကျိုးရှိမည်ဆိုလျှင် ၎င်းင်းစနစ်ကို လက်ခံအသုံးပြုရမည်သာ ဖြစ်ပါသည်။ အရင်းစစ်လိုက်လျှင် ပြောင်းလဲခြင်းသီအိုရီကိုလက်မခံဘဲ " ဒီမိုကရေစီစနစ် " ကို မျက်စိစုံမှိတ်ကာ ငြင်းဆန်နေခြင်းသည် " အာဏာရှင်စနစ် " ကို အသေဖက်တွယ်ထားလိုသည့် ၎င်းတို့၏ အတ္တလောဘစိတ်ကြောင့်သာဖြစ်ပါသည်။ ဒါတောင်မှ ဒီမိုကရေစီကို လက်ခံချင်သလိုလို လက်မခံချင်သလိုလိုနဲ့ " စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ " ဟု လုပ်ချလိုက်ပြန်ပါသေးသည်။ " စည်းကမ်းပြည့် ၀သော " ဆိုသည့်အချက်သည် ဒီမိုကရေစီ၏ အဓိပ္ပာယ်ထဲမှာ ပါဝင်ပြီးဖြစ်သောကြောင့် ၎င်းစကားလုံးကို အထူးပြုပုဒ်အနေနှင့် သုံးစွဲစရာမလိုတော့ပါ။

ယခုတော့ သမ္မတဦးသိန်းစိန်အစိုးရက " လူမပြောင်းဘဲ မူပြောင်းမည် " ဟုဆိုကာ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းမည်ဟု ကြွေးကြာ်လာခဲ့သည်မှာ သုံးနှစ်နီးပါးခန့် ရောက်ရှိလာခဲ့ပါပြီ။ " မူ " ဆိုသည်မှာ မူဝါဒကို ပြောခြင်းဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ပုံဖော်မည့် မူဝါဒကို ဆိုလိုပုံရပါသည်။

၎င်းမူဝါဒအသစ်ကို အရင်လူဟောင်းများနှင့်ပဲ ဆက်လက် အကောင်အထည်ဖော်ရမည့်သဘော သက်ရောက်ပါသည်။ သို့ဆိုလျှင် လူမပြောင်းဘဲ မူပြောင်းရုံနှင့် အမှန်တကယ်ပြောင်းလဲပါ့မလားဟု ဆန်းစစ်ဖို့လို လာပါသည်။ မူ ဘယ်လောက်ကောင်းကောင်း လူမကောင်းလျှင် ဘာမှပြောင်းလဲလိမ့်မည် မဟုတ်ပါ။၎င်းလူမှာ တွယ်ကပ်နေသော ယခင်အမူအကျင့်ဟောင်းများ၊ စိတ်ဓာတ်ဟောင်းများကို မပြောင်းသရွေ့ မူပြောင်းလည်း ဘာမှထူးခြားလိမ့်မည်မဟုတ်ပါ။ နှစ်ရှည်လများ ခေါက်ရိုးကျိုးနေသော စိတ်ဓာတ်များကိုပါ ပြောင်းလဲဖို့လိုပါသည်။ အ၀တ်အစားပြောင်းဝတ်လိုက်ရုံ ပြောင်းလဲခြင်းသည် အပေါ်ယံဟန်ပြပြောင်းလဲခြင်းသာ ဖြစ်ပါသည်။
အ၀တ်အစားတွေရဲ့နောက်ကွယ်မှာရှိသည့် နှလုံးသားကိုပါ ပြောင်းလဲလိုက်မှ အမှန်တကယ် ပြောင်းလဲခြင်းဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။

တကယ်တော့ အရင်းမူလအဓိကကျ သည်က " လူ " သာ ဖြစ်ပါသည်။ လူကောင်း လျှင် မူကောင်း ကိုရှာတွေ့ပါလိမ့်မည်။ လူမကောင်းလျှင်တော့ မူကောင်းလည်း ဘာမှမတတ်နိုင်ပါ။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း ကောင်းမွန်သော မူဝါဒတွေ၊ ဆောင်ပုဒ်တွေ၊ စကားလုံးတွေကို မစားရ၀ခမန်းပြောခဲ့ကြ ရေးခဲ့ကြပြီးပါပြီ။ လက်တွေ့ အကောင်အထည်ဖော်မည့် လူမကောင်းသောကြောင့် ၎င်းအရာတွေမှာ ဆိုင်းဘုတ်တွေ၊ ဆောင်ပုဒ်တွေ၊ စကားလုံးတွေ အဖြစ်သာ အဖတ်တင်ကျန်ရစ်ခဲ့သည်မှာ အားလုံးအသိပါပဲ။ တိုင်းပြည်ကို လေအုတ်တွေနဲ့ တည်ဆောက်ခဲ့သောကြောင့် ယခုလက်တွေ့မြင်နေရသည့် အခြေအနေကို ရောက်ရှိလာခဲ့ရပါသည်။

တိုင်းပြည်ကို စကားလုံးတွေနဲ့ တည်ဆောက်၍မရပါ။ နိုင်ငံသူ နိုင်ငံသားတို့၏ စိတ်ဓာတ်ကောင်းများဖြင့်သာ တည်ဆောက် ၍ရပါသည်။ ထို့ကြောင့် မူပြောင်းလဲဖို့ဆိုလျှင် ပထမဆုံး လူကောင်းဖို့ လိုအပ်ပါသည်။ လူကောင်းမှသာ အရာရာကို ပြောင်းလဲနိုင်ပါလိမ့်မည်။
eleven media group