တပ်သိမ်းမြေကိစ္စ ခွင့်ပြုချက်မရဘဲ သတင်းစာရှင်းလင်းပွဲ လုပ်သဖြင့် ဆိုင်းဘုတ်များ ဖြုတ်ချခံရ

ပို့စ်တင်ချိန် - 12/23/2013 05:14:00 PM


မော်လမြိုင်၊ ဒီဇင်ဘာ ၂၂

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်းရွာသစ် ကျေးရွာတွင် အမှတ် ၃၁၇ အမြောက်တပ်ရင်း တည်ဆောက်ရန် သိမ်းယူထားသည့် ရော်ဘာခြံများအတွက် နစ်နာကြေး မရသည်ကို ခြံပိုင်ရှင်များက ခွင့်ပြုမိန့် တောင်းခံထားခြင်းမရှိဘဲ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သဖြင့် ရှင်းလင်းပွဲဆိုင်ရာ ဆိုင်းဘုတ်များ ဖြုတ်ချ ခံရကြောင်း ရော်ဘာခြံ ပိုင်ရှင်များ ခေါင်းဆောင်ဖြစ်သည့် ဦးဖေအောင်က ပြောကြားသည်။

ရော်ဘာခြံ ပိုင်ရှင်များ၏ အခက်အခဲများကို နိုင်ငံတော်အဆင့် အကြီးအကဲများ သိရှိစေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြခွင့် လျှောက်ထား ခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ခြင်းကြောင့် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုပါက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ခွင့်ပြုမိန့် တောင်းခံထားခြင်း မရှိဘဲ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ရန် ရေးမြို့နယ် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု မော့ကနင်း ရွာသစ်အုပ်စု (၁) မှ အုပ်ချုပ်ရေးမှူး ဦးဟုတ်ကြည်က ပြောဆိုသည်။
“အဘွားခြံက ဧက ၆၀ သိမ်းခံ ထိတယ်။ ၁၁ နှစ်သား ရော်ဘာ အပင်ခြောက်ထောင် စိုက်ထားတယ်။ ခြံထဲမှာ မင်းကွတ်၊ ကွမ်း၊ ဒူးရင်းပင်တွေလည်း စိုက်ထားသေးတယ်၊ အစေးထွက်တာ သုံးနှစ်လည်း ပြည့်ရော စစ်တပ်က သိမ်းသွားတယ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ နစ်နာကြေးဆိုပြီး ခြံအတွက် ပိုက်ဆံ ၅၅၀ ကျပ် ပေးတယ်” ဟု အသက် ၇၈ နှစ် အရွယ်ရှိသည့် ဥယျာဉ်ခြံပိုင်ရှင် ဒေါ်ကုလားမက ဆိုသည်။

အဆိုပါ ခြံများကို လွန်ခဲ့သည့် ၁၀ နှစ်က အစိုးရက သိမ်းယူခဲ့သော်လည်း နစ်နာခဲ့သည့် ရော်ဘာခြံရှင်များကို ငါးနှစ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်းနှင့် တပ်မတော် အကြီးအကဲများက မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ် ရမည်ဟု အမိန့်စာ ထွက်လာပါက ခြံပိုင်ရှင်များထံ ပြန်လည် ပေးအပ် သွားမည် ဖြစ်ကြောင်း အမှတ် ၃၁၇ အမြောက်တပ်ရင်းမှ ဒုအရာခံဗိုလ် ဦးဝင်းကြည်က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် “အမြောက်တပ် (၃၁၇) မှ မတရား သိမ်းဆည်းထားသော ခြံမြေများ အမြန်ဆုံး ပြန်ရရှိရေး” ဆိုင်းဘုတ်များ တပ်ဆင်ထားခြင်းသည် ဥပဒေနှင့် မညီညွှတ်ပါက ရွာသားများ အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ဆိုင်းဘုတ်များ ဖြုတ်ပြီး ရှင်းလင်းပွဲ ပြုလုပ်သင့်ကြောင်းကို သဘောရိုးရိုးဖြင့် အကြံပေး ပြောဆိုခြင်းသာ ဖြစ်သည်ဟု ရေးမြို့နယ်မှ သတင်းတပ်ဖွဲ့ဝင်က ဆိုသည်။

ယခုအချိန်တွင် ရော်ဘာခြံ လုပ်ငန်းများကို တပ်မတော်ထံမှ ပြန်လည် ငှားရမ်း လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ကြာပြီ ဖြစ်ကြောင်း လက်ရှိ သီးစား လုပ်ကိုင်နေသည့် ဦးတင်ထွဋ်ဦးက ဆိုသည်။

တပ်မတော်မှ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသေးသည့် ခြံမြေများသည် အမှတ် (၃၁၇) အမြောက်တပ်ရင်း မြေအဖြစ် အသုံးပြုရန် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက်-၃၃၃ အရ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးထားသည့် မြေလွတ်မြေလပ် ဧရိယာ ဖြစ်ခြင်း၊ ခရိုင်မြေသိမ်း အရာရှိက မြေသိမ်းဥပဒေနှင့် လက်ရောက် သိမ်းယူပြီးသော တပ်ပိုင်မြေများ ဖြစ်ခြင်းကြောင့် ရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။

တပ်သိမ်းမြေဧရိယာ ၄၅၃ ဧကတွင် ဥယျာဉ်ခြံနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် ခြံမြေဧက ၃၀၀ ကျော်ရှိပြီး၊ မြေလွတ်မြေရိုင်းဧက ၁၀၀ ကျော် ရှိကြောင်း မော့ကနင်းရွာသစ် ကျေးရွာမှ မွန်ဒေသလုံး ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဦးအောင်ချန်းက ပြောကြားသည်။
The Voice Weekly Myanmar