အင်းစိန် ပေါက်တောမီးပွိုင့်တွင် ယာဉ် ၆ စီး ဆင့်တိုက်

ပို့စ်တင်ချိန် - 12/24/2013 05:25:00 PM


အင်းစိန်မြို့နယ် ပေါက်တောဝ မီးပွိုင့်တွင် မော်တော်ယာဉ် ၆ စီး ဆင့်တိုက်မှု ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၂၃ ရက် ညနေ ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လှိုင်မြစ်လမ်းအတိုင်း အောင်ဇေယျတံတားဘက်မှ ပေါက်တောမီးပွိုင့်သို့ မောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် ပေ(၄၀)ကုန်တင်ကားကြီးက မီးပွိုင့်တွင် မီးနီ၍ ရပ်တန်နေသည့် ၂၄၃ အထူးယာဉ်အား စတင်ဝင်တိုက်မိရာမှ ယာဉ်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်တာ ၆ စီးကို ဆင့်တိုက်ပစ်တာ။ ရှေ့ဆုံးကားလေးတွေမှာ ဒဏ်ရာရတဲ့သူရှိတယ်။ အရှိန်လည်း တော်တော်ပြင်းတယ်” ဟု မျက်မြင်တွေ့ရှိသည့် လူငယ်တစ်ဦးက ပြောပြသည်။

ယာဉ်တိုက်မှုဖြစ်စဉ်တွင် ၂၄၃ အထူးယာဉ်မှ စ၍ ပရိုဘောက်ယာဉ်၊ ကင်တာအမျိုးအစား ကားတစ်စီးနှင့် ရှေ့မှ ယာဉ်ငယ် (၂)စီးတို့ကို အဆင့်ဆင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုများကြောင့် ယာဉ်(၆)စီးလုံး ပျက်ဆီးသွားခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိသော်လည်း သေဆုံးမှု မရှိခဲ့ဟု အနီးရှိ မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ဘိလပ်မြေကားကြီးက အရှိန်လွန်ပြီး ဝင်တိုက်ပစ်တာ။ အဲဒီကားသမားကိုလည်း ခေါင်းခန်းထဲက ဆွဲထုတ်ပေးရတယ်။ ဒါပေမယ့် နည်းနည်းပါးပါး ပွန်းပဲ့တာလောက်ပဲ ရှိတယ်” ဟု သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့သည့် ဆိုင်ကယ် ကယ်ရီမောင်းတစ်ဦးက ဆိုသည်။

ယင်းနေ့ ညနေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်းမပေါ်တွင် ပရိုဘောက် အငှားယာဉ်တစ်စီးနှင့် ကင်တာအငှားယာဉ်တစ်စီတို့ လမ်းလယ်တွင် ဘေးချင်းပွတ်တိုက်မိရာမှ ကင်တာယာဉ် တိမ်းမှောက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် လူ (၇)ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း (၂)ဦးစလုံးကို သန်လျင်ရဲစခန်းက ယာဉ် (ပ)၁၇၅/၂၀၁၃ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ တို့ဖြင့်အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ထို့ပြင် နေ့လည် ၁၂ နာရီအချိန်တွင်လည်း တွံ့တေး-ဒလ ကားလမ်းပေါ်တွင် ကားတစ်စီးကို ကျော်တက်မောင်းနှင်သည့် ဆိုင်ကယ်တစ်စီး ကားနောက်မှီးဖြင့် ချိတ်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှ ထိုင်လိုက်သည့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် စိုးရိမ်ရသည့်လူနာများအဖြစ် တင်ပို့ကုသနေရသည်။

ထို့နောက် ညနေ ၇ နာရီခွဲအချိန်တွင် စက်ဘီစီးနင်းသူတစ်ဦးအား အမျိုးအစားမသိမော်တော်ယာဉ်တစ်စီးက နောက်မှ ဝင်တိုက်မှုဖြစ်စဉ်တစ်ခု မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအဆင်းတွင် ထပ်မံဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် စက်ဘီးစီးနင်းသည့် အသက် ၁၇ နှစ်ရွယ် လူငယ်များ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ဖြင့် ဒဂုံမြောက်ရဲစခန်းတွင် ယာဉ် (ပ)၄၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ က/၂၀၂ ဖြင့်အရေးယူရန် ထွက်ပြေးသည့်ယာဉ်မောင်းကို စုံးစမ်းရှာဖွေနေသည်။

ဒီဇင်ဘာ ၁၃ ရက်မှာ၁၉ ရက်အတွင်း တစ်နိုင်ငံလုံးတွင် ယာဉ်တိုက်မှုပေါင်း ၂၀၅ မှုဖြစ်ပွားထားပြီး လူပေါင်း ၄၀၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ ၄၂ ဦး သေဆုံးထားသည်။

ယင်းဖြစ်စဉ်များတွင် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှုပေါင်း ၉၃ ဦးဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၉၃ ဦးနှင့် သေဆုံးသူ ၉ ဦးတို့ဖြင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်နေသည်။

ဇော်ဇော်ထွေး
Mizzima Burmese