အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် မူဝါဒ ပြန်လည်သုံးသပ်ရန် လုပ်ငန်းရှင်များနှင့် အစိုးရတွေ့ဆုံမည်

ပို့စ်တင်ချိန် - 12/31/2013 10:15:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်နေသော အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် အငြင်းပွားဖွယ် မူဝါဒနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရန် အတွက် စီးပွားရေးလုပ်ငန်းရှင် များနှင့် အစိုးရ တာဝန်ရှိသူများ လာမည့် ဇန်နဝါရီလတွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

အဆိုပါ မူဝါဒပြန်လည် သုံးသပ်ရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ လက်လီတင်သွင်း ရောင်းချသူများ အသင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

လတ်တလောတွင် အငြင်းပွားဖွယ် ဖြစ်နေသော အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ အဆိုပါအစည်း အဝေးတွင် လုပ်ငန်းရှင်များ၏ အခက်အခဲကို ပြောကြားနိုင်ကြောင်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ပြည်ပမှ အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းနေသည့် Quarto ကုမ္ပဏီကို လည်းကောင်း၊ ဒီဇင်ဘာလအတွင်း ပြည်တွင်း၌ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းဖြစ်သည့် City Mark Holding ပိုင် စားသောက်ကုန်ဖြန့်ဖြူးရေး ကုမ္ပဏီ ဖြစ်သည့် Premium Food Services Products ကိုလည်းကောင်း တရားမဝင် အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းမှုဖြင့် ရွေ့လျားစစ်ဆေးရေး အဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့သည်။

၂၃ နှစ်ကြာ အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး တင်သွင်းမှုကို တင်းကျပ်စွာ ကန့်သတ်ထားသည့် မူဝါဒ များကြောင့် အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများသာ တင်သွင်းခွင့် ရရှိနေပြီး ရွေ့လျားစစ်ဆေးရေး အဖွဲ့က သိုလှောင်ရုံ အရောက် ဖမ်းဆီးခဲ့ရာတွင် အစိုးရ၏ ကုန်သွယ်ရေးမူဝါဒကို လုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြသည်။

ရွေ့လျား စစ်ဆေးရေး အဖွဲ့သည် မှောင်ခိုကုန်စည်များ ဖမ်းဆီးမည်ကို ကြိုတင်ကြေညာ ခဲ့ကြောင်း၊ ဖမ်းဆီးရာတွင်လည်း ဈေးကွက်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း မဟုတ်ဘဲ သိုလှောင်ရုံများ ကိုသာ လက်ရှိမူဝါဒနှင့် အညီ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ မူဝါဒများတွင် လိုအပ်ချက် ရှိပါက ပြုပြင်ရန်ဖြစ်ပြီး မူဝါဒပြန်လည် သုံးသပ်ရန်မှာ ပြည်ထောင်စုအဆင့် ကသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးညွန့်အောင်က ရှင်းပြသည်။

The Voice Weekly Myanmar