ရဲတပ်သားနှစ်ဦး ပါဝင်ခဲ့သည့် လူသတ်မှုသံသယရှိသူအားလုံးကို ဖမ်းဆီး

ပို့စ်တင်ချိန် - 12/04/2013 01:15:00 PM


ဇော်ဇော်ထွေး| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ်

လှိုင်သာယာမြို့နယ်၊ န၀ဒေးလမ်း လမ်းသွယ်နှင့် ကျန်စစ်သားလမ်းဆုံတွင် နိုဝင်ဘာ ၂၉ ရက်ညက ဖြစ်ပွားခဲ့သည့် ရဲတပ်သားနှစ်ဦးပါဝင်နေသော လူသတ်မှုတစ်ခုတွင် သံသယရှိသူများအားလုံးကို ဖမ်း ဆီးရမိထားပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။

အမှုဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးကို ညတွင်းချင်းဖမ်းဆီးခဲ့ပြီး ထွက်ပြေး သွားခဲ့သည့် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် သုံးယောက်ကို နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တွင် အသီးသီးဖမ်းဆီးမိထားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ရဲတပ်သားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ထွက်ပြေးနေသည့်ပြစ်မှုမှ အသက် ၁၈ နှစ်ရွယ်ရှိ သံသယရှိထားသူတစ်ဦး၊ လူသတ်မှုတွင် သံသယရှိထားသည့် အသက် ၂၀ အရွယ် ရဲတပ်သားတစ်ဦး၊ အခင်းဖြစ်စဉ်တွင်ရှိခဲ့သူ အမျိုးသမီးတစ်ဦးတို့ပါ ဖမ်းဆီးမိထားပြီဖြစ်သည်။

အမှုမှာ ယင်းနေ့ညက ရွှေပြည်သာမြို့နယ်နေသူ မင်းသူထက်(ခ)ခင်ဇော်ထွန်း ၂၇ နှစ်သည် သူငယ် ချင်းများဖြစ်ကြသော လှိုင်သာယာနေ စောမင်းနိုင် ၃၅ နှစ်၊ သန်းဇော် ၃၀ နှစ်တို့နှင့်အတူ ဗစ်တိုးရီးယား ကုန်တိုက်သို့ ထွက်လာရာ ကျန်စစ်သားလမ်းနှင့် န၀ဒေးရှော့ဟောက်စ်တန်းရှေ့ ဆိုင်ကယ်ရပ်တန့် ထားစဉ် အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ်နှစ်စီးသည် ၎င်းတို့ ရပ် ထားသော ဆိုင်ကယ်အနီးမှ မောင်းနှင်စဉ် “ဆိုင်ကယ်ကို ဘယ်လိုရပ်ထားတာလဲ”ဟု လှမ်းမေးသော ကြောင့် စောမင်းနိုင်က “ဒီထက်ရပ်ရင်လည်း မြောင်းထဲကျဖို့ပဲ ရှိတော့တယ်”ဟု ပြန်လည်ပြောဆိုခဲ့ သည်ဟုလည်း ရဲထံတွင် ထွက်ဆိုထားသည်။

ထိုအချိန်တွင် ဆိုင်ကယ်နှစ်စီးကို စီးနင်းသူများက ရပ်တန့်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်းလာကာ “ငါတို့က ရဲတွေ” ဟု စကားများကြပြီး အပြန်အလှန်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် ဆိုင်ကယ်နှစ်စီးမှာ မောင်းနှင်ထွက်သွားခဲ့ကြပြီး မင်းသူထက်(ခ)ခင်ဇော်ထွန်းမှာ ၀ဲဘက်နံ ဘေးတွင် ရရှိထားသော ဖူးရောင်ဒဏ်ရာများကို ပြသရန် ဆေးရုံသို့သွားစဉ် ဆရာဝန်များ၏ စစ်ဆေး ချက်အရ သေဆုံးနေကြောင်းကို သိရှိရသည်ဟု တရားလိုဘက်က ထွက်ဆိုထားသည်။

ယင်းဖြစ်စဉ်တွင် သေဆုံးသူ မင်းသူထက်ကို စကေဘာဖြင့် ထိုးခံခဲ့ရကြောင်း၊ စစ်ဆေးပေါ်ပေါက်ထား ကြောင်းနှင့် သေဆုံးရသည့် ဆေးစာပြန်ကြားချက်တွင်လည်း ဘယ်ဘက်အဆုတ်ကွဲ၍ အဆုတ်ခန်း အတွင်း သွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်းနှင့် ဘယ်ဘက်ကျောက်ကပ် ထိုးသွင်းဒဏ်ရာရရှိပြီး ကျောက်ကပ်ကွဲ၍ ၀မ်းဗိုက်အတွင်းသို့ သွေးယိုစိမ့်၍ သေဆုံးရခြင်းဖြစ်သည်ဟု ဆရာဝန်၏ ဆေးစာ ထင်မြင်ချက်ဖြင့် အကြောင်းပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူများအား လှိုင်သာယာရဲစခန်းက (ပ)၁၃၇၆/ ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ် မှုပုဒ်မ ၃၀၂/ ၁၁၄ တို့ဖြင့် အရေးယူနိုင်ရန် စစ်ဆေးနေဆဲဖြစ်သည်။

Mizzima Burmese