ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဓိကရုဏ်းဖြစ်

ပို့စ်တင်ချိန် - 12/31/2013 12:15:00 AM

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အဓိကရုဏ်းတွေ ဆက်ဖြစ်နေ ပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ အစိုးရ ထောက်ခံသူတွေအကြား ဒါကာမြို့မှာ ရှိတဲ့ တရားရုံးချုပ် ၀င်းအပြင်ဘက်မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဓာတ်ပုံ – ရိုက်တာ

ဆန္ဒပြသမားတွေကို ရဲက လူစုခွဲတဲ့အခါမှာ ဆန္ဒပြသမားတွေဘက်က ကျောက်တုံးတွေ၊ အိမ်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ရဲဘက်က သေနတ်နဲ့ ပစ်လို့ ဆန္ဒပြသမားတယောက်လည်း သေဆုံးသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
တရက်တည်းမှာပဲ ဒါကာမြို့ ဘူတာမှာ ပေါက်ကွဲမှုအတွင်း ဘူတာ လုံခြုံရေးတယောက်လည်း သေဆုံးသွားတယ်လို့ ရဲ့အဖွဲ့က ပြောပါတယ်။ ရဲအဖွဲ့က မီးသတ်ရေပိုက်တွေကို သုံးပြီးတော့ လူစုခွဲလို့ တချို့လည်း ဒဏ်ရာရသွားပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရဲက ခွင့်မပြုပေမယ့် အကြီးဆုံး အတိုက်အခံ ဘီအန်ပီ ပါတီက လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ ဆော်သြခဲ့တာပါ။ ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း ခါလီဒါကိုလည်း ရဲတွေက ဒီဇင်ဘာ ၂၈ ရက် ညနေကတည်းက အိမ်ထဲကနေ အိမ်အပြင်ကို ပေးမထွက်ဘဲ တားဆီးထားပါတယ်။

ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံးမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲသမားတွေ ရာနဲ့ ချီ အဖမ်းခံထားရတယ်လို့ အတိုက်အခံ ပါတီက ပြောပါတယ်။

ဒါကာမြို့မှာလည်း ဘက်စကားလိုင်းတွေ၊ ရထားလိုင်းတွေနဲ့ အကြိုအပို့ယာဉ်တွေကို အာဏာပိုင်တွေက ဖြတ်တောက်ထားပါတယ်။ ရွေးကောက်ပွဲကို လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရက ကျင်းပမယ်ဆိုရင် သပိတ်မှောက်မယ်လို့ အတိုက်အခံက ကြေညာထားပါတယ်။

အကယ်၍ အတိုက်အခံက သပိတ်မှောက်ရင် မဲဆန္ဒနယ် ၃၀၀ မှာ တ၀က်ကျော်မှာ ပြိုင်ဘက်မရှိမှာဖြစ်လို့ ရွေးကောက်ပွဲရဲ့  တရားဝင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

DVB Burmese