အသံဝင်လျှင် သတိပြုပါ အသံအိုး ကင်ဆာ

ပို့စ်တင်ချိန် - 12/20/2013 05:16:00 PM


အသက် (၄၀) ကျော် အမျိုးသားများတွင် အသံအိုးကင်ဆာများ အဖြစ်များလျက်ရှိပြီး စောစီးစွာ ကုသခြင်းမပြုပါက အသက်ဆုံးရှုံးနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထိုက်ကြည်က သတိပေး ပြောကြားလိုက်သည်။ အသံအိုးကင်ဆာသည် ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အသက် (၄၀) ကျော် အမျိုးသားများ၊ အမျိုးသမီးများနှင့် ဆေးလိပ်၊ အရက် မသောက်သုံးသော သူများတွင်လည်း ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။


အဖြစ်များ ကင်ဆာ အဆင့်-၅၊ ၆ နေရာတွင် ရှိနေ

အမျိုးသားများတွင် အဖြစ်များဆုံး ကင်ဆာမှာ အဆုတ်ကင်ဆာဖြစ်ပြီး အစာမျိုပြွန်ကင်ဆာနှင့် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ အဆင့်- ၅ နှင့် အဆင့်- ၆ တွင်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ အမျိုးသားတွေ အဖြစ်များဆုံး ကင်ဆာကတော့ အဆုတ်ကင်ဆာ ဖြစ်တယ်။ အစာမျိုပြွန်ကင်ဆာနဲ့ အသံအိုးကင်ဆာကတော့ အဆင့် ၅၊ ၆ လောက်မှာ ရှိတယ်။ အသံအိုးကင်ဆာကတော့ အရက်သောက်၊ ဆေးလိပ်သောက်တဲ့ သူတွေမှာ ပိုဖြစ်တတ်တယ်” ဟု ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။

အဖြစ်များသော လည်ပင်းကင်ဆာများ

လည်ပင်းနှင့် ပတ်သက်၍ အသံအိုးကင်ဆာ အဖြစ်များပြီး အစာမျိုပြွန်အဝကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာများလည်း အဖြစ်များကြောင်း သိရသည်။

အသံဝင်တာက အစပြု

အအေးမိခြင်း၊ စကားပြောများခြင်းနှင့် ဖုန်မှုန့်များ၊ မီးခိုးငွေ့များ ရှူမိပါက အသံဝင်ခြင်း ဖြစ်ပွားလေ့ရှိသော်လည်း အသံအသုံးများသောသူများ ဖြစ်ကြသော ဈေးသည်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ အဆတော်များ၊ စာအော်ကျက်သော အလေ့အထရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ယာဉ်နောက်လိုက်များမှာလည်း အသံဝင်ခြင်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အသံအိုးကင်ဆာကြောင့် အသံဝင်သည်ကို အဆိုပါ အကြောင်းခြင်းရာများကြောင့် အသံဝင်သည်ဟု ထင်မြင်၍ ပေါ့ဆမိပါက ရောဂါမှာ ရင့်လာပြီး အသက်ဆုံးရှုံးနိုင်ကြောင်း သိရသည်။

ရောဂါနုပါက ရာနှုန်းပြည့် ပျောက်ကင်းနိုင်

အသံအိုးကင်ဆာမှာ ရောဂါနုစဉ် လာရောက်ကုသပါက ၁၀၀ ရာနှုန်းပြည့် ပျောက်ကင်းနိုင်ကြောင်း သိရသည်။ “အသံဝင်တာကို ပေါ့ပေါ့နေရင် ပိုဆိုးလာပြီးတော့ လည်ပင်းမှာ အကျိတ်တွေ၊ ဘာတွေ ထွက်လာတယ်။ အဲဒီအချိန်ရောက်မှ ဆရာတို့ဆီကို ရောက်လာကြတာ များတယ်။ တချို့တွေကျတော့ အသက်ရှူကျပ်တဲ့ အဆင့်ရောက်မှ လာကြတာတွေလဲ ရှိတယ်။ အဲဒီအဆင့်တွေ ရောက်မှဆိုရင်တော့ အသက်အန္တရာယ်ရှိတယ်။ ရောဂါနုတုန်း လာပြရင် ရာနှုန်းပြည့်နီးပါးလောက် ပျောက်အောင် ကုနိုင်တယ်” ဟု ဒေါက်တာ ဝင်းထိုက်ကြည်က ပြောသည်။

အသံအိုးကင်ဆာ စစ်ဆေးပါ

အသံဝင်တာ သုံးပတ်ထက်ကြာလျှင် အသံအိုးကင်ဆာဟုတ်၊ မဟုတ်စစ်ဆေးမှု ပြုလုပ်သင့်ကြောင်း သိရသည်။ “ဒီကင်ဆာကြောင့်ဖြစ်တဲ့ အသံဝင်တာနဲ့ ရိုးရိုးအသံဝင်တာနဲ့ ဘာကွာလဲဆိုတော့ ရိုးရိုးအသံဝင်တာက အသံဝင်တာဝင်လိုက်၊ ပျောက်လိုက်ပဲ။ အသံက ကောင်းလာလိုက်၊ တိမ်သွားလိုက်ပဲ။ အသံအိုးကင်ဆာကတော့ ဝင်ပြီးကတည်းက တောက်လျှောက် ပြန်မကောင်းဘူး။ သုံးပတ်လုံးလုံး မကောင်းဘူး။ နောက်တစ်ခုက အမျိုးသားလဲဖြစ်မယ်၊ အသက် (၄၀) အထက်လဲ ဖြစ်မယ်ဆိုရင်တော့ အသံဝင်တာ သုံးပတ်ကြာရင် ဆေးရုံမှာ ပြကိုပြသင့်တယ်” ဟု ပြောသည်။

ရောဂါနုရင် ပျောက်ကင်းနိုင်

အသံအိုးကင်ဆာ ဟုတ်မဟုတ် သေချာအောင် အသားစယူ၍ စစ်ဆေးနိုင်ပြီး ကင်ဆာဖြစ်ကြောင်း သိရလျှင် ရောဂါသည် လည်ပင်း၊ အဆုတ်နှင့် အသည်းများသို့ မပျံ့နှံ့သေးပါက ခွဲစိတ်ရန်မလိုဘဲ ဓာတ်ရောင်ခြည်ပြပြီး ကုသနိုင်ကြောင်း သိရသည်။ “ဆရာတို့ဆီမှာ အဲဒီလို လူနာတွေ အများကြီးရှိတယ်။ ကင်ဆာ ဟုတ်မဟုတ် မှန်ပြောင်းကြည့်ပေးတယ်။ နောက်အသားစယူပေးတယ်။ နောက်လည်ပင်းတွေ၊ ဘာတွေ ပျံ့ မပျံ့ စစ်ဆေးပေးတယ်။ ပြီးရင် ဓာတ်ရောင်ခြည်ပြပြီးတော့ ကုလို့ရတဲ့ဌာန ရန်ကုန်ဆေးရုံကြီးကို လွှဲပေးတယ်။ ရောဂါနုတုန်းကုရင် ပျောက်ကင်းနိုင်တယ်” ဟု ဆက်လက် ပြောသည်။

ကောလာဟလတွေ မယုံပါနဲ့

ကင်ဆာရောဂါ ဖြစ်ပွားသူများအား ဓာတ်ရောင်ခြည်ကုသမှုနှင့် ပတ်သက်ပြီး အရပ်ထဲတွင် အမျိုးမျိုး ပြောဆိုနေကြသော်လည်း အဆိုပါ ကောလာဟလများအား မယုံကြည်သင့်ကြောင်း ဒေါက်တာဝင်းထိုက်ကြည်က ဆက်လက် ပြောကြားသည်။ “အရပ်ထဲမှာ ဓာတ်ရောင်ခြည်နဲ့ ပတ်သက်ပြီး တအားပြောကြတာပဲ။ ကင်ဆာဖြစ်လို့ ဓာတ်ရောင်ခြည်ပြရင် ခြောက်လပဲခံတယ်တို့၊ လူဟာ ပိန်ခြောက်ပြီးတော့ သေတာပဲတို့၊ ကင်ဆာဆေးတော့ဖြင့် မသုံးပါနဲ့တို့၊ ဓာတ်ရောင်ခြည်တော့ဖြင့် အပြမခံနဲ့ အသေသာ ခံလိုက်တော့တို့၊ အဲဒါမျိုး ကောလာဟလတွေ ခေတ်စားနေတယ်ပေါ့နော်။ တကယ့် အစစ်အမှန်ကတော့ ရောဂါနုတုန်း ဓာတ်ရောင်ခြည် အပြခံလိုက်ရင် လူနာဟာ ဝေဒနာခံတော့ ခံရတယ်။ ဒါပေမဲ့ သိပ်မဆိုးဘူး။ ဥပမာ- အစားအသောက်ပျက်မယ်။ အရသာပျက်မယ်။ လည်ပင်းမှာရှိတဲ့ အရေပြားလေးတွေ ပူမယ်၊ စပ်မယ်။ အဲလောက်ပဲ ခံစားရမယ်။ ခြောက်လပဲ ခံမယ်ဆိုတာ မဟုတ်ဘူး။ ဓာတ်ရောင်ခြည်ပြလိုက်လို့ရှိရင် သက်တမ်းစေ့ နေသွားရနိုင်တယ်” ဟု ရှင်းပြခဲ့သည်။

နွေဦးလင်း၊ ခင်သက်မွန်
By Flower News Journal