အခွန်ကောက်ခံရရှိမှု တိုးလာ၍ လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရ၏ အသုံးစရိတ်တိုးမြင့်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

ပို့စ်တင်ချိန် - 12/28/2013 12:11:00 PM


အခွန်ကောက်ခံရရှိမှု တိုးလာ၍ လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရ၏ ဘတ်ဂျက် အသုံးစရိတ် တိုးလာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခွန်ကောက်ခံ ရငွေများ တိုးမြှင့်လာခြင်းအပြင် အာဆီယံ အစည်းအဝေးများ ရှိသည့်အတွက် လာမည့်ဘဏ္ဍာနှစ် (၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်) တွင် အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ် တိုးလာမည်ဟု ခန့်မှန်းရခြင်း ဖြစ်ကြောင်း ဦးသူရိန်ဇော်က ပြောကြားသည်။

အစိုးရအဖွဲ့က ဘတ်ဂျက် အသုံးစရိတ် တင်ပြတောင်းခံမည့် ဘတ်ဂျက် ဥပဒေကြမ်းသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း လွှတ်တော်သို့ ရောက်ရှိလာနိုင်ဖွယ်ရှိပြီး ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ အနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် စိစစ်ခွင့်ပြုမည်ဟု သိရသည်။

ဦးသူရိန်ဇော်က ''လာမယ့်နှစ် အစိုးရရဲ့ အသုံးစရိတ်က ဒီနှစ်ထက် ပိုများလာမယ်လို့ ခန့်မှန်းပါတယ်။ ဒီနှစ်မှာ အစိုးရရဲ့ ၀င်ငွေလည်း ပိုကောင်းလာတယ်။ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်က ပိုများမယ်။ နောက်တစ်ချက်က ရငွေနဲ့ အခွန်ရငွေလည်း တိုးလာတဲ့အတွက် ဖြစ်ပါတယ်။ ဒီနှစ်မှာ အခွန်ရငွေတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ အခွန်ရငွေ အသေးစိတ်ကတော့ ဘဏ္ဍာရေးက တင်ပြမှ လွှတ်တော်မှာ ဆွေးနွေးမှာပါ'' ဟု ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အခွန်ရငွေ စုစုပေါင်း ကျပ်ဘီလျံ ၂၅၀၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။

အခွန်များနှင့် ပတ်သက်၍ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန်များတွင် လစ်ဟာမှုများ ရှိကြောင်း၊ ထို့ကြောင့် ဆောင်သင့်သည်များ မဆောင်ပါက အခွန်ကြပ်မတ်ရေး အဖွဲ့က တစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကာ အခွန်ပြန်လည် ထမ်းဆောင်လာရန် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် အခွန်ရငွေ တက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြီးခဲ့သည့်လွှတ်တော် အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် နာမည်ကြီးထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှုကို ပြန်လည်စစ်ဆေးခဲ့ပြီး အခွန်ရှောင်တိမ်းသည့် ကုမ္ပဏီများကို အခွန်ထမ်းဆောင်မှုများ ရှိလာစေရန် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အခွန်ဥပဒေသစ်ကို လွှတ်တော်တွင် ပြန်ဆွေးနွေးမည် ဖြစ်ကြောင်း၊ မကြာမီ တင်သွင်းရန်ရှိကြောင်း၊ အခွန်ဥပဒေကို ပြင်ဆင်ပြီးနောက် အခွန်နှုန်းထားများ သတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်မည်ဟုလည်း သိရသည်။

eleven media group