ရခိုင်လယ်သမား ၇ ဦး (၁၁) လကျော် ရဲစခန်းတွင်ချုပ်နှောင်ခံထားရ

ပို့စ်တင်ချိန် - 12/25/2013 01:55:00 PM


(နိရဉ္စရာ- ၂၅  ဒီဇင်ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ပြီတက် ကျေးရွာမှ လယ်သမား (၇) ဦး၏ အမူကို စီရင်ချက် မချဘဲ ရဲစခန်းတွင် ၎င်းတို့အား ချုပ်နှောင်ထားသည်မှာ ယခုအခါ (၁၁) လကျော် အချိန် ကြာမြှင့်လာပြီဟု သိရသည်။

၎င်းလယ်သမား (၇) ဦးမှာ ဦးအောင်သိန်းကျော်၊  ဦးချောင်းနားအောင်၊ ဦးသိန်းမောင်၊ ဦးမောင်ညွှန့်စိန်၊ ဦးအောင်ကျော်ဇော၊ ဦးစောလှမောင်၊ ဦးမောင်ကျော်သိန်း တို့ ဖြစ်ကြသည်။

၎င်းတို့ (၇) ဦးသည် ပေါက်တောမြို့နယ် ငပြီတက် ကျေးရွာတွင် လွန်ခဲ့သောနှစ်  ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယခင် ကျေးရွာ ရယက ဥက္ကဌဟောင်း ဦးကျော်စိန်လှ အဖွဲ့နှင့် ဓါးခုတ်ပွဲ ဖြစ်ရာမှ ဖမ်းဆီးခံရသူများ ဖြစ်ကြပြီး ယခုအချိန်ထိ ပေါက်တောရဲစခန်းတွင် ချုပ်နှောင်ခံနေရကြောင်း ၎င်းတို့၏ ဆွေမျိုးများက နိရဉ္စရာသို့ ပြောကြားသည်။

ယခုကဲ့သို့ ရွာသားအချင်းချင်း ဖြစ်ပွားသော ပြဿနာတွင်  တစ်ဘက်တည်းမှ လူ (၇) ဦးကို ဖမ်းဆီးပြီး အာမခံမပေး၊ အမူကို စီရင်ချက်မချဘဲ အချိန်အကြာကြီး ချုပ်နှောင်ထားခြင်းမှာ မြန်မာ့ တရားရေးမဏ္ဍိုင်၏ ယိုယွင်း ပျက်စီးနေမူကို ဖေါ်ပြနေခြင်း ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ သူတို့ က (၁၁) လ ကျော်လာပေမယ့် ပေါက်တောရဲစခန်းမှာ ချုပ်နှောင်ခံထားရတယ်။ သူတို့နဲ့ ဖြစ်ကြတဲ့ အခြားတစ်ဘက်က လူတွေက ဒေသအတွင်းက အသေးစား ခရိုနီတွေ ဖြစ်ကြတဲ့ အတွက် ပေးကမ်း ထားတာတွေ ရှိပုံရတယ်။ ဒါကြောင့် အခုလို အာမခံ မပေး၊ အမူမစီရင်ဘဲနဲ့ ချုပ်နှောင်ထားတာလို့ ကျနော်က ယူဆတယ်။ ဒီလို အပေါ်မှာ သုံးသပ်ရရင် မြန်မာ့တရားရေး မဏ္ဍိုင်ဟာ အခုအချိန်ထိ ပျက်စီးနေတုန်း ဖြစ်တယ်ဆိုတာ ခုလုပ်ရပ်က သက်သေပြနေတယ်လို့ ပြောချင်ပါတယ်” ဟု ယင်းက ဆိုသည်။

ယခုကဲ့သို့ မလိုအပ်ဘဲ ပေါက်တောမြို့နယ် တရားရုံးမှ အမူကို စီရင် ဆုံးဖြတ်ချက်ချရေးတွင် နှောင့်နှေး ကြန့်ကြာနေသဖြင့် ၎င်းအမူနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူများ အနေဖြင့်လည်း အထူးထိခိုက်နစ်နာနေရသည်ဟု သူက ဆက်ပြောသည်။

၎င်းအမူကို ကိုင်တွယ်သူ ပေါက်တောမြို့နယ် တရားသူကြီးမှာ ယခုအခါ သင်တန်းသွားနေသဖြင့် အဆိုပါ အမူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ စုံစမ်း မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဓါးခုတ်မူ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ငပြီတက်ကျေးရွာ လူကြီးက  ယခုလို ပြောသည်။

“ အဲဒီ ငပြီ တက်ကျေးရွာမှာ ရွာသားတွေ ပိုင်ဆိုင်တဲ့  ဖွံ့ဖြိုးရေး တာတမံ ဆိုတာ ရှိတယ်။ အဲဒီ တာတမံကို ယခင် စစ်အစိုးရ လက်ထက်မှာ  ပေါက်တောမှာ တာဝန်ကျခဲ့တဲ့ အမှတ် (၁၀) ထောက်လှမ်းရေး တပ်ဆွယ်မှုး တပ်ကြပ် စောလွင်နဲ့ ပေါက်တောမြို့နယ် တာဝန်ခံ  ဥပဒေအရာရှိ ဦးစိန်ဝင်းတို့က ရွာသားတွေ လက်ထဲက အတင်း သိမ်းယူပြီး  အဲဒီ အချိန်က ရယက ဥက္ကဌ ဖြစ်သူနဲ့ ပူပေါင်း လုပ်ကိုင်ခဲ့ကြတယ်။  အကျိုးအမြတ် တွေကို သူတို့ အချင်းချင်း ခွဲဝေ ယူခဲ့ကြတယ်။ သူတို့ လုပ်ကိုင် စားသောက်လာတာ အချိန် ( ၁၀ ) နှစ်ကျော် ရှိလာပြီး ဦးသိန်းစိန် သမ္မတ ဦးဆောင်တဲ့ အစိုးရသစ်တက်လာတော့ ကျေးရွာသား ၃၀၀ လောက်က လက်မှတ် ရေးထိုးပြီး ၄င်းတာတမံကို ပြန်လည် ရလိုတယ်လို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးစိုင်းမောင်လူ မှတဆင့် ပြည်နယ်လွှတ်တော်ထိ တင်ပြ တောင်းဆိုခဲ့ကြတယ်။ ပေါက်တောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ကလည်း ကူညီပေးခဲ့ပါတယ်။  ရခိုင် ပြည်နယ် အစိုးရက ၂၀၁၃ ဇန္န၀ါရီလ ၁၈ ရက်နေ့မှာ ကျေးရွာသားများကို ပြန်လည် လုပ်ကိုင် စားသောက်ဖို့ ခွင့်ပြုချက် ချပေးခဲ့ပါတယ်။  ၄င်းအပြင် ပြည်နယ် အစိုးရက အဲဒီတာတမံကို  ရေချိုတာတမံ ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့  အဖွဲ့ဝင် ၁၆ ဦးပါဝင်တဲ့  ရေချိုချောင်း ဖြစ်မြောက်ရေး ကော်မတီ တစ်ခုကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်လာတဲ့   ဦးချောင်းနားအောင်နဲ့ အတူ ဖွဲ့စည်းပေးခဲ့တယ်။  ဦးချောင်းနားအောင် အပါအဝင် အဲဒီ ကော်မတီဝင် တွေက ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ည ၁၀  နာရီ ခန့်  အချိန်မှာ ၄င်းတာတမံကို  သွားရောက် စစ်ဆေးစဉ် ယခင်ရယက ဥက္ကဌဟောင်း ဦးကျော်စိန်လှရဲ့ လူတွေနဲ့ တွေ့ဆုံ ရန်ပွဲ ဖြစ်ကြတယ်။ အပြန်အလှန် ဓါးခုတ်မူ ဖြစ်ကြပါတယ်။ ဒဏ်ရာရသူ အချို့လည်း ရှိပါတယ်။ အဲဒီက ဦးချောင်းနားအောင် အပါအ၀င် (၇) ဦးကို ရဲက ဖမ်းဆီးထားတာ ဒီကနေ့ထိ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဦးကျော်စိန်လှ မိသားစုများကမူ အခင်းဖြစ်ပွားချိန်က ဦးကျော်စိန်လှမှာ ရွာတွင် မရှိဘဲ စစ်တွေမြို့တွင် ရောက်ရှိနေကြောင်း၊ ယခုအမူမှာ သူနှင့် တစ်စုံတစ်ရာ မပတ်သက်ကြောင်း နိရဉ္စရာသို့ စာရေးပြီး ပြောကြားသည်။

ရွာသားအချင်းချင်း ပြဿနာ ဖြစ်ရာတွင် အမူကို စီရင်ချက် မချဘဲ ယခုကဲ့သို့ အချိန်ကြာကြီး ဖမ်းဆီးချုပ်နှောင်ထားခြင်းမှာ ပေါက်တောမြို့နယ်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
Burmesenews narinjara