မြန်မာနိုင်ငံတွင် အာရှဆင် ဒုတိယအများဆုံး ပိုင်ဆိုင်

ပို့စ်တင်ချိန် - 12/12/2013 09:26:00 AM



မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပနေချိန်တွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ဧည့်သည်များ လာရောက်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ဖြည့်ဆည်းသည့် အနေဖြင့် ကမ္ဘာပေါ်တွင် အာရှဆင်များ မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရှိစေရန် ထူးဖောင်ဒေးရှင်းနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် Composs Flim တို့ ပူးပေါင်းပြီး မြန်မာ The Elephant

Power, Life Size Memory ရုပ်ရှင်မှတ်တမ်းများကို ဓာတ်ပုံဘုတ်များဖြင့် တိရစ္ဆာန် ဥယျာဉ်နှင့် ဆာဖာရီ (နေပြည်တော်)တို့တွင် ဒီဇင်ဘာ ၉ ရက်မှစတင် ခင်းကျင်း ပြသထားကြောင်း သိရသည်။

"ယခုကဲ့သို့ ဓာတ်ပုံကြီးများကို ခင်းကျင်း ပြသခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအနေဖြင့် ဆင်များ၏ သဘာဝကို လေ့လာ ထိတွေ့နိုင်စေရန်၊ ဆင်များနှင့် လူသားတို့ ဆက်နွှယ်မှုများ သိရှိစေရန်၊ မြန်မာနိုင်ငံသည် အာရှတွင်သာမက ကမ္ဘာပေါ်တွင် ဒုတိယ အများဆုံး အာရှဆင်များ ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ကြောင်း သိရှိစေရန်၊ တစ်ဖက်ကလည်း ပိုင်ဆိုင်ထားသည့် အာရှမျိုးဆင်များကို ယခုထက် ပိုမိုမျိုးပွား တိုးတက်လာစေရန်၊ ရေရှည် တည်တံ့နိုင်ရေး အတွက် ပြည်သူများ ပိုမိုသိရှိပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို ပါဝင် ဆောင်ရွက် လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆီးဂိမ်း ကာလအတွင်း ထူးဖောင်ဒေးရှင်းနဲ့ ပြင်သစ် အခြေစိုက် Composs Flim တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း" တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ဆင်များ ကို ရတနာတစ်ပါးလို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အာရှဆင်ပေါင်း ၅၀၀၀ ကျော်ခန့်ရှိပြီး ကမ္ဘာပေါ်တွင် အာရှဆင် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
Myanmaalinn