City Mart ပိုင် နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်ကို လှုပ်ရှားစစ်ဆေးအဖွဲ့၏ တရားစွဲဆိုမှု ရဲစခန်း စစ်ဆေးဆဲ

ပို့စ်တင်ချိန် - 12/22/2013 01:32:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

City Mart Holdings ကုမ္ပဏီပိုင် နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်များ တရားဝင် တင်သွင်းထားကြောင်း အထောက်အထား မခိုင်လုံသည့်အတွက် လှုပ်ရှား စစ်ဆေးရေးအဖွဲ့ (Mobile Team) က အမှုဖွင့်ထားခြင်းကို ဆက်လက် စစ်ဆေးဆဲ ဖြစ်ကြောင်း သာကေတ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်း က The Voice သို့ ပြောကြားသည်။

City Mart Holdings ကုမ္ပဏီနှင့် ဆက်နွှယ်နေသော Premium Food Services Products ကုမ္ပဏီ အမည်ဖြင့် တင်သွင်းထားသော အဆိုပါ တားမြစ် ကုန်စည်များအတွက် သက်သေ အထောက်အထား ပြည့်စုံစွာ မပြနိုင်သဖြင့် တရားစွဲလိုက်ခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ လှုပ်ရှား စစ်ဆေးရေးအဖွဲ့ တာဝန်ခံ ဦးဝင်းလွင်က ပြောကြားသည်။

တားမြစ် ကန့်သတ်ထားသော နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်များကို ဟိုတယ် လုပ်ငန်းလိုင်စင်နှင့် တင်သွင်းထားသည့် အထောက်အထား ပြသနိုင်သော်လည်း Duty Free ဆိုင်များ၏ တင်သွင်းခွင့် မိတ္တူ အထောက်အထားများသာ ပြသနိုင်ကြောင်း Premium Food Services Products ကုမ္ပဏီမှ Marketing Executive ဒေါ်ငယ်ငယ်က ဆိုသည်။
“Duty Free ဆိုင်တွေက မူရင်း အထောက်အထား တွေကတော့ ဘယ်လိုမှ ကျွန်မတို့ဆီမှာ မရှိနိုင်ဘူး။ မိတ္တူ အထောက်အထားတွေတော့ ရှိတယ်။ Duty Free ဆိုင်တွေကို ဆင့်ခေါ်ပေးဖို့ မေတ္တာရပ်ခံတာကို ဘာကြောင့် မလုပ်ပေးသလဲ ဆိုတာတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

သက်သေ အထောက်အထား ခိုင်လုံစွာ မပြနိုင်သည့်အတွက် အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးကို ပို့ကုန်သွင်းကုန် ဥပဒေနှင့် တရားစွဲထားပြီး ကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ စစ်ဆေးတွေ့ရှိ ကုန်ပစ္စည်း များကို ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း ယခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။
The Voice Weekly Myanmar