အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်း လူမှုတာဝန်ဆောင်ရွက်မှု CSR အစီရင်ခံစာ CPI ထုတ်ပြန်

ပို့စ်တင်ချိန် - 12/28/2013 01:00:00 AM




မြန်မာပြည်သူများအကြား အကြီးအကျယ် အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည့် မြစ်ဆုံရေကာတာတည်ဆောက်ရေးကို သမ္မတဦးသိန်းစိန်က ၎င်း၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားခဲ့သော်လည်း ၂နှစ်အကြာတွင် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက စီမံကိန်းပြန်လည်စတင်ရန် ဒီဇင်ဘာ ၂၆ရက်နေ့၌ သတိပေးလိုက်သည်။

တရုတ်အစိုးရပိုင် CPI က ၈ဝ%၊ မြန်မာအစိုးရက ၁၅%နှင့် အေးရှဝေါလ်ကုမ္ပဏီက ၅% ရှယ်ယာအသီးသီး ပိုင်ဆိုင်ပြီး လုပ်ကိုင်နေသော ရေကာတာ ၈ခုအနက် အကြီးဆုံးဖြစ်သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ၂ဝ၁ဝ-၂ဝ၁၂ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်မှု အစီရင်ခံစာ (Corporate Social Responsibility CSR) ကို ထုတ်ပြန်လိုက်ခဲ့သည်။

စာမျက်နှာ ၅၆မျက်နှာပါ အစီရင်ခံစာအတွင်း စီမံကိန်းအစီအစဉ်၊ ဒေသစီးပွားရေးဖွံ့ဖြိုးမှု၊ ဇီဝပတ်ဝန်းကျင် ကာကွယ်မှု၊ ဘေးကင်းသော ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ ရပ်ရွာဖွံ့ဖြိုးရေးကို အားပေးမှု၊ ဝန်ထမ်းများကို ကုမ္ပဏီနှင့်တူ ကြီးထွားစေမှု စသည့်ခေါင်းစဉ်များဖြင့် ဖော်ပြထားသော်လည်း အကဲဆတ်ဖွယ်ရာ အချက်အလက်များကိုမူ ပွင့်လင်းမြင်သာမှုရှိရှိ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

ရေလှောင်တမံအတွင်း ရေလှောင်ခြင်းကြောင့် ရှားပါးအပင်အချို့ နစ်မြုပ်စေမည်၊ ဘင်္ဂလားဒေ့ရှ်မြွေဟောက်၊ မြွေဟောက်ဘုရင်နှင့် ကျောကုန်းချွန်းလိပ်ကြီးများ ထိခိုက်မှုအနည်းငယ်ရှိမည်၊ မောရီ ငါးရှဥ့်နှင့် ဘင်္ဂလားငါးရှဥ့် ထိခိုက်မှုအနည်းငယ်ရှိမည် စသဖြင့် ယေဘူယျသဘောများကို ဖော်ပြထားသည်။

ဒေသခံပြည်သူများကို ငွေလှူဒါန်းခြင်း၊ ဆေးရုံနှင့်ကျောင်းများ ဆောက်လုပ်ပေးခြင်းများကို ဝေဝေဆာဆာ ဖော်ပြထားပြီး နိုင်ငံတကာအသိအမှတ်ပြု ဖွဲ့ ၃ဖွဲ့၏ ထောက်ခံချက်များကို ဖော်ပြထားသည်။ မြန်မာအစိုးရ၏ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယင်းအစီရင်ခံစာကို ထောက်ခံကြိုဆိုထားသည့်အချက်ကို ဖော်ပြထားပြီး မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရရှိနိုင်မှာဖြစ်ပြီး မြစ်ဆုံစီမံကိန်းမှနေ စီးပွားရေးဖွံ့ဖြိုးမှုရနိုင်သည်ဟု ဆိုသည်။

မြစ်ဆုံအပါအဝင် လာဆာ၊ ရီနန်၊ ခေါင်လံဖူး၊ ဖီဇော၊ ဝူဆောက်၊ ချီဖွေ၊ ချီဖွေငယ် စသည့် နေရာ ၈ခုတွင် ရေကာတာနှင့် လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရာမှ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဖူလုံအောင် ဖြည့်ဆည်းခြင်း၊ ပိုလျှံပြီး သုံးမကုန်သော လျှပ်စစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာအစိုးရက တည်ဆောက်ရေး ၁၅နှစ်နှင့် လုပ်ငန်းလည်ပတ်သော နှစ် ၅ဝအတွင်း အမြတ်ငွေ ဒေါ်လာ ၅၄ ဘီလီယံ (၆ဝ%)ရရှိမည်ဖြစ်ပြီး CPI ကုမ္ပဏီကမူ ဒေါ်လာ ၃၅ ဘီလီယံ (၄ဝ%) ရရှိမည်ဟု ဖော်ပြထားသည်။

Kamayut Media