တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအတွက် ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ဖွင့်ဖို့ရှိ

ပို့စ်တင်ချိန် - 12/24/2013 10:45:00 PM


တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် မြန်မာ့ဆက်သွယ်ရေးနဲ့ အမ်အီးစီတို့ ပူးပေါင်းပြီး ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ‘လက်ရှိ တယ်လီဖုန်း အသုံးပြုသူတွေအတွက် အထွေထွေ မေးမြန်းစုံစမ်းနိုင်တဲ့ ကောလ်စင်တာတွေကို အသုံးပြုသူတွေပေါ် မူတည်ပြီး မြို့ကြီးတွေမှာ ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးနေပါတယ်၊ အခုထပ်မံ ဖွင့်လှစ်မယ့် Customer Care Centre ကတော့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ customer complaint တွေကို သီးသန့် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်’ လို့ ပြောပါတယ်။ ဒီ Customer Care Centre မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု၊ ကတ်ပျက်တွေကို one stop service နဲ့ အသစ်ထပ်မံ ထုတ်ပေးတဲ့ ဝန်ဆောင်မှုနဲ့ တခြားဝန်ဆောင်မှုတွေကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေ အပြင် အမ်အီးစီဆင်းကတ် အသုံးပြုသူတွေရဲ့ ဝန်ဆောင်မှုတွေကိုပါ အမ်အီးစီက ပေးသွားမယ်လို့ သိရပါတယ်။ အမ်အီးစီမှ တာဝန်ရှိသူတစ်ဦးက ‘ရန်ကုန်စာတိုက်ကြီးမှာ Customer Care Centre ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး ဒီ ၂၀၁၄ နှစ်ဆန်းမှာ ဖွင့်ဖို့ စီစဉ်နေပါပြီ၊ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှုအပြင် အမ်အီးစီရဲ့ ဖုန်းကတ်ပျက်တာတွေအတွက် ကတ်အသစ် ထုတ်ပေးတဲ့ ဝန်ဆောင်မှုကို one stop service ပေးသွားပါမယ်၊ ကတ်ပျောက်အတွက်ကတော့ ဒီ Customer Care Centre မှာ မလုပ်ပေးနိုင်သေးပါဘူး၊ ဒီဝန်ဆောင်မှု အတွက်ကတော့ တိုင်းမန်နေဂျာရုံးတွေမှာပဲ ပြုလုပ်ပေးနေဦးမှာ ဖြစ်ပါတယ်’ လို့ ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge