Eleven Media Group ၏ နယ်သတင်းထောက်အား လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ် တရားသူကြီးမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် Eleven Media Group မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ချက်

ပို့စ်တင်ချိန် - 12/19/2013 06:15:00 AM



၁ ။ Eleven Media Group ၏ လွိုင်ကော်မြို့ နယ်သတင်းထောက် မခိုင်အား မြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းမှာ အမျိုးသမီးဂျာနယ်လစ် တစ်ဦးအပေါ် မတရားသဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည်။

၂ ။ သတင်းထောက် မခိုင်သည် သတင်းရယူမှု ဖြစ်စဉ်အတွက် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ သတင်းရယူရာတွင် Eleven Media Group ၏ သတင်းထောက်ဖြစ်ကြောင်း၊ သတင်းမေးမြန်းလို၍ဖြစ်ကြောင်း ကြိုတင်ပြောဆိုခဲ့သည့်အပြင် ၀န်ထမ်းကတ်အား ပြသ၍ တရားဝင် ခွင့်ပြုချက်တောင်းခံပြီး ကာယကံရှင်က ခွင့်ပြုခဲ့သောကြောင့် ၎င်း၏နေအိမ်အတွင်းတွင် မေးမြန်းခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် သတင်းထောက်မခိုင် မေးမြန်းသော မေးခွန်းကို မကျေနပ်၍ နေအိမ်မှ ထွက်ခွာရန် နှင်ထုတ်မှုကြောင့် ကာကယံရှင်၏ ဆန္ဒအတိုင်း အဆိုပါ နေအိမ်မှ ပြန်လည်ထွက်ခွာခဲ့သည်။

၃ ။ သို့သော် ဒုတိယမြို့နယ် တရားသူကြီးသည် အဆိုပါ အချက်များကို လျစ်လျူရှုခဲ့ပြီး ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှုများဖြင့် သတင်းထောက်မခိုင်အား တရားလို၏ တရားစွဲဆိုမှုကို လက်ခံစွဲချက်တင်၍ အချိန်တစ်လကျော်အတွင်း ထောင်ဒဏ်ချမှတ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းသည် တရားဥပဒေကို ခုတုံးလုပ်၍ သတင်းထောက်များအား သတင်းမယူရဲအောင် ခြိမ်းခြောက်ခြင်းပင်ဖြစ်ပြီး၊ သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးခြင်းဟု Eleven Media Group မှ ယူဆပါသည်။

၎ ။ ထို့ကြောင့် ယခုဖြစ်စဉ်၌ ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်သည် အဂတိတရား လိုက်စား၍ ဆုံးဖြတ်ခဲ့ခြင်း ရှိမရှိ၊ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် တရားစီရင်ရေး အာဏာပိုင်များ ၀င်ရောက်စွက်ဖက် ပါဝင်ခြင်း ရှိမရှိ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူ ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တိုင်ကြားစာ ပေးပို့ခြင်း၊ CPJ (နိုင်ငံတကာ ဂျာနယ်လစ်များအား ကာကွယ်စောင့်ရှောက်ရေး ကော်မတီ)၊ RSF (နယ်စည်းမခြား သတင်းထောက်များအဖွဲ့)၊ WAN-IFRA (ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး)၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများ အပါအ၀င် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၊ ပြည်တွင်း/ပြည်ပ ဂျာနယ်လစ် အဖွဲ့အစည်းများထံ အသိပေးစာ ပေးပို့သွားမည်ဖြစ်သည်။

၅ ။ ယခုကဲ့သို့ ငွေဒဏ်သာ ချမှတ်လေ့ရှိသော အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ဆဲရေးမှုများတွင် ဂျာနယ်လစ် တစ်ဦးအား မတရားသဖြင့် ထောင်ဒဏ်ချမှတ်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်း၊ ထိပါးခြင်း ဖြစ်သည့်နည်းတူ ကာယကံရှင် သတင်းထောက်နှင့် Eleven Media Group ၏ ဂုဏ်သိက္ခာကို နစ်နာထိပါး စေသည့်အတွက် သက်ဆိုင်သူများ အားလုံးကို ဥပဒေကြောင်းအရ ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

၆ ။ ထို့ကြောင့် သတင်းထောက်မခိုင်၏ အမှုဖြစ်စဉ်အပေါ် မျှတမှုမရှိသော ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ဆက်စပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်သော စုံစမ်းစစ်ဆေး ဖြေရှင်းမှုများ ပြုလုပ်ပေးရန် Eleven Media Group က အလေးအနက် တောင်းဆိုတိုက်တွန်း အပ်ပါသည်။

၇ ။ အများပြည်သူပိုင်ခွင့်ဖြစ်သော သတင်းလွတ်လပ်ပိုင်ခွင့်ကို ထိပါးသော လွိုင်ကော်မြို့နယ် တရားရုံး ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း မရှိသလို တရားဥပဒေ စိုးမိုးမှု မရှိသကဲ့သို့ ဖြစ်စေသည်ဟု Eleven Media Group က အလေးအနက် ယုံကြည်ပါသည်။

၈ ။ ထို့ကြောင့် တရားမျှတမှုကို မြတ်နိုးသော မတရားမှုကို မနှစ်သက်သော သတင်းလွတ်လပ်ခွင့်ကို လေးစားသော တာဝန်ရှိသူများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ ဂျာနယ်လစ်များ၊ ပြည်သူများ အနေဖြင့် မတရားပြစ်ဒဏ် ချမှတ်ခံရသော သတင်းထောက် မခိုင်နှင့် သတင်းလွတ်လပ်ခွင့် Freedom Of Press အတွက် ရပ်တည်ပေးကြပါရန်

eleven media group