Eleven Media Group ၏ နယ်သတင်းထောက် မခိုင် ပြန်လည်လွတ်မြောက်ရေး အတွက် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာ ကြီးမားသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် WAN-IFRA (ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး) မှ သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာပေးပို့

ပို့စ်တင်ချိန် - 12/21/2013 02:13:00 PM


ဒီဇင်ဘာ ၁၇ ရက်က အမှုသုံးမှုဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသော Eleven Media Group ၏ လွိုင်ကော် သတင်းထောက်မခိုင် ပြန်လည် လွတ်မြောက်ရေးအတွက် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာ ကြီးမားသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် WAN-IFRA (ကမ္ဘာ့သတင်းစာများနှင့် ထုတ်ဝေသူများ အစည်းအရုံး) မှ သမ္မတဦးသိန်းစိန်ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာ ၁၉ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သော အဆိုပါ မေတ္တာရပ်ခံစာကို နိုင်ငံပေါင်း ၁၂၀ ရှိ စာနယ်ဇင်း စုစုပေါင်း ၁၈၀၀၀၊ အင်တာနက် ၀က်ဘ်ဆိုက်ပေါင်း ၁၅၀၀၀ နှင့် ကုမ္ပဏီပေါင်း ၃၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသော WAN-IFRA အဖွဲ့ကိုယ်စား ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး ဥက္ကဋ္ဌ Tomas Brunegard နှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ် ဥက္ကဋ္ဌ Erik Bjerager တို့ နှစ်ဦးက လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။

WAN-IFRA မှ သမ္မတဦးသိန်းစိန်ထံသို့ ပေးပို့သည့် မေတ္တာရပ်ခံစာ (မြန်မာပြန်)
သမ္မတဦးသိန်းစိန်
နေပြည်တော်၊
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်။
၁၉ ဒီဇင်ဘာ ၂၀၁၃
သမ္မတကြီးခင်ဗျား
ကျွန်ုပ်တို့သည် သတင်းထောက် မခိုင်အပေါ် မကြာသေးမီက ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း နိုင်ငံပေါင်း ၁၂၀ ရှိ စာနယ်ဇင်း စုစုပေါင်း ၁၈၀၀၀၊ အင်တာနက် ၀က်ဘ်ဆိုက်ပေါင်း ၁၅၀၀၀ နှင့် ကုမ္ပဏီပေါင်း ၃၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့သတင်းစာများနှင့် သတင်စာ ထုတ်ဝေသူများ အစည်းအရုံးနှင့် ကမ္ဘာ့အယ်ဒီတာများ ဖိုရမ်ကိုယ်စား ရေးသားပေးပို့ အပ်ပါသည်။
အစီရင်ခံစာများအရ Eleven Media Group မှ သတင်းထောက် မခိုင်သည် တွေ့ဆုံမေးမြန်းမှု တစ်ခုအတွက် တာဝန်ပေးအပ် ခံထားရချိန်တွင် မေးမြန်းခံရသူ၏ နေအိမ်မှ နှင်ထုတ်ခံရခြင်း ဖြစ်သည်။ သူမသည် တွေ့ဆုံမေးမြန်းမှု မစတင်မီ အချိန်တွင် အိမ်ရှင်၏ ခွင့်ပြုချက် ရရှိခဲ့သည့်အပြင် ၎င်း၏ စာနယ်ဇင်းဝန်ထမ်း သက်သေခံကဒ်ပြားကိုလည်း ပြသခဲ့သည်။ သို့သော် လွိုင်ကော်မြို့နယ် တရားရုံးမှ ဒုတိယမြို့နယ် တရားသူကြီး မြမင်းဟန်မှ အဆိုပါ သတင်းထောက်အား ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှုနှင့် ညစ်ညမ်းစွာ ပြောဆိုမှုတို့ အတွက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တပေါင်းတည်း ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြစ်မှုပုဒ်မများအတွက် ငွေဒဏ်သာ ချမှတ်လေ့ ရှိသော်လည်း ယခုကဲ့သို့ ပြစ်ဒဏ်ချရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် စိုးရိမ်မိပါသည်။
ကျွန်ုပ်တို့ အနေဖြင့် အဆိုပါ ပြစ်ဒဏ်ချမှတ်မှုကို အလျင်အမြန် စုံစမ်းစစ်ဆေး၍ အဆိုပါ အမှုတွင် နိုင်ငံရေးအရ ၀င်ရောက်နှောင့်ယှက်မှုများနှင့် လွဲချော်မှုများ ရှိမရှိ ပြန်လည်စိစစ်ပေးရန် သမ္မတကြီးအား လေးစားစွာ တောင်းဆိုအပ်ပါသည်။ ဤကဲ့သို့ ပြစ်ဒဏ်ပေးမှုသည် မြန်မာမီဒီယာများကြား ထိတ်လန့်တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုနှင့် အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စိုးရိမ်ဖွယ် အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမည်ကို ကျွန်ုပ်တို့ အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်။
သမ္မတကြီး၏ အစိုးရသည် သတင်းမီဒီယာဆိုင်ရာ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများနှင့် အထူးသဖြင့် ဆင်ဆာဥပဒေများ ဖြေလျော့ပေးခြင်းအတွက် ချီးကျူးဂုဏ်ပြု ထိုက်ပါပေသည်။ မီဒီယာဝန်းကျင် ပြောင်းလဲလာမှုများ နှင့်အတူ Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်အား လွတ်လပ်သည့် စာနယ်ဇင်း လောကအတွက် ၎င်း၏ ကာလရှည်ကြာစွာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ် ပြုသောအားဖြင့် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံးမှ ၂၀၁၂ ခုနှစ် ရွှေကလောင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ်နှင့် ယင်း၏ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် နောက်ကြောင်းပြန်မည့် အရိပ်လက္ခဏာ မဖြစ်ရန် မျှော်လင့်မိပါသည်။
သမ္မတကြီးထံမှ အမြန်ဆုံး အကြောင်းပြန်ကြားချက်ကို စောင့်မျှော်လျက်
လေးစားစွာဖြင့်
Tomas Brunegard
(ဥက္ကဋ္ဌ၊ ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး)
Erik Bjerager

(ဥက္ကဋ္ဌ၊ ကမ္ဘာ့အယ်ဒီတာများဖိုရမ်
ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံးသည် ကမ္ဘာတစ်ဝှမ်းရှိ သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများအတွက် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂ ပညာ၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့နှင့် ဥရောပ ကောင်စီတို့တွင် တရားဝင် ကိုယ်စားလှယ်အဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းအဖွဲ့အစည်းတွင် နိုင်ငံပေါင်း ၁၂၀ မှ စာနယ်ဇင်း စုစုပေါင်း ၁၈၀၀၀၊ အင်တာနက် ၀က်ဘ်ဆိုက်ပေါင်း ၁၅၀၀၀ နှင့် ကုမ္ပဏီ ၃၀၀၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

WAN-IFRA မှ သမ္မတဦးသိန်းစိန်ထံသို့ ပေးပို့သည့် မေတ္တာရပ်ခံစာ (မူရင်း)



eleven media group