Eleven Media Group သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ သတင်းသမားများက သဘောထား ကြေညာချက် ထုတ်ပြန်

ပို့စ်တင်ချိန် - 12/28/2013 12:11:00 PM


Eleven Media Group သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခြင်းအပေါ် မန္တလေးမြို့ခံ သတင်းသမားများက သဘောထား ကြေညာချက် တစ်ရပ်ကို ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် Eleven Media Group ၏ နယ်သတင်းထောက် မခိုင်ကို လွိုင်ကော်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ ချမှတ်ခြင်းအပေါ် မန္တလေး သတင်းသမားများက ပြင်းထန်စွာ ကန့်ကွက်သည်။
အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့်အပေါ် ယခုလို သတင်းထောက် တစ်ဦးကို အချိန်တစ်လကျော် အတွင်းသာ အမှုစစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ခြင်းသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ သတင်းရေးသား ဖော်ထုတ်ခွင့်နှင့် ပတ်သက်၍ ယခုအရေးယူ ဆောင်ရွက်မှုသည် ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်နေသော နိုင်ငံတစ်နိုင်ငံတွင် အဟန့်အတား ဖြစ်စေသည်ဟု မန္တလေး သတင်းသမားများက သုံးသပ်သည်။ သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူခြင်း၊ လွတ်လပ်စွာ သတင်းထုတ်ဖော်ခြင်းနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ကြိုတင်တွေ့ဆုံ ညှိနှိုင်းခြင်း ပြုလုပ်ပြီးမှသာ တရားစွဲဆို ပြစ်ဒဏ်စီရင်ခြင်းကို ဆောင်ရွက်ရန် မန္တလေးသတင်းသမားက ဆန္ဒရှိသည်။

သို့ပါ၍ Eleven Media Group ၏ သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူတို့က ပြန်လည် စိစစ်ပေးရန်နှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေမဲ့ ဆောင်ရွက်မှုများ ရှိနေကြောင်း ကြားသိနေရသဖြင့် မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရန် သဘောထား ကြေညာချက်ကို ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထို့အတူ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်စုံတစ်ရာ စိစစ်စုံစမ်းခြင်း မရှိပါက မန္တလေးမြို့ခံ သတင်းသမား ၁၀၀ ခန့်က စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားရန်လည်း စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

eleven media group