KIA မှ ဖမ်းဆီးသွားသော တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများအနက် ၃၂ ဦးသာ ပြန်လည် လွတ်မြောက်သေးပြီး ဦးရေ ၂၀ ကျော်ခန့် ကျန်နေသေးသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောကြား

ပို့စ်တင်ချိန် - 12/27/2013 02:16:00 PM


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ အနက် ၃၂ ဦးသာ ပြန်လည် လွတ်မြောက်သေးပြီး ၂၀ ကျော် ကျန်ရှိနေသေးသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီထံမှ သိရသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အနေဖြင့် ဒီဇင်ဘာ လဆန်းပိုင်းမှ စကာတိုင်းလိုင်(ရှမ်းနီ) အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိခဲ့ပြီး ဦးရေ ၅၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများကို ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်နေမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် စုဝေးကာ ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ဆန္ဒပြခွင့် မပေးခဲ့သောကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။

ယင်းကဲ့သို့ ဆန္ဒပြရက်ကို ရွှေ့ဆိုင်းခဲ့ရသော်လည်း ယင်းကဲ့သို့ ဆန္ဒပြရန်စီစဉ်ပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးမှုများ ရှိလာခြင်း ဖြစ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောကြားသည်။
ဦးစောဝင်းထွန်းက “ကျွန်တော်တို့ အတိအကျတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးဆီက ပြန်လည်ကြားသိရတာတော့ ၃၂ ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ ကြားပါတယ်။ အဲဒါကတော့ နောက်ဆုံးရထားတဲ့ သတင်းပါ” ဟု ဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင်နေမှုများနှင့် ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်ရေးနှင့် နောက်နောင် ထိုကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

“ကျန်တဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နောက်နောင်ဒါမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ပါတီအနေနဲ့ ဆက်လက် တောင်းဆိုသွားမှာပါ။ ပြည်နယ်တစ်ခုတည်းမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး အချင်းချင်း အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ ဆန္ဒပြုပါတယ်” ဟုလည်း ဦးစောဝင်းထွန်းက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း ယင်းကဲ့သို့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ပေးပို့လာသည့်အပေါ် ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံရေးပါတီအားလုံး၊ နိုင်ငံတော် သမ္မတရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ကချင်ပြည်နယ် အစိုးရအဖွဲ့များထံသို့ ပြန်လည် အကြောင်းကြား ပေးပို့ခဲ့ကြောင်း သိရသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပေးပို့ခဲ့သည့်စာတွင် KIA အနေဖြင့် ဒီဇင်ဘာ ၄ ရက်က မန်စီမြို့နယ်၊ မန်ဖွရွာသား ၂၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် မန်ဖွရွာသားခြောက်ဦး အပါအ၀င် လမ်းသွားလမ်းလာ ၃၀ ကျော်ခန့်အား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွား ခံရပြီး ပြန်လည်လွတ်မြောက် လာသူများ၏ အခြေအနေနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ရှိ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ဝင် ဦးစန်းအောင်အား ဆက်သွယ်မေးမြန်းရာ အိမ်ပြန်ချင်သည်ဆိုသည့် သူများအားလုံးကို ပြန်လွှတ်ပေးပြီးပြီ ဖြစ်ကြောင်းနှင့် စစ်သားလုပ်ချင်သည့် သူများသာ ကျန်ရှိတော့သည်ဟု သိရကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ထက်ဝက်ကျော် (ခုနစ်သိန်းကျော်) ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာအဖွဲ့က ပြောကြားထားပြီး အစိုးရစာရင်းအရမူ လူဦးရေ သုံးသိန်းကျော်သာ ရှိကြောင်း သိရသည်။
eleven media group