Mobile Banking စနစ်လုပ်ကိုင်ရန် သမ္မတရုံးကခွင့်ပြုပေးခဲ့ပြီး လုပ်ကိုင်လိုသည့် ပုဂ္ဂလိကဘဏ်များ ဗဟိုဘဏ်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားနိုင်

ပို့စ်တင်ချိန် - 12/09/2013 06:00:00 AM

(ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား တွေ့ရစဉ်)

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်သည့် Mobile Banking စနစ်အား လုပ်ကိုင်လိုသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်ထားနိုင်ပြီး Mobile Banking စနစ်အား အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အဆိုပါ Mobile Banking စနစ်အား လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီးနောက်ဆုံးတွင် သမ္မတရုံးမှ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုချက်ကို ရရှိခဲ့ကြောင်း သိရသည်။

" ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်ပဲဖြစ်ဖြစ် အစိုးရဘဏ်ပဲဖြစ်ဖြစ် ဒီ Mobile Banking စနစ်ကို လုပ်ကိုင်ချင်တယ် ဆိုရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားလို့ရပြီ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုတာနဲ့ ဘဏ်တွေအနေနဲ့ စလုပ်လို့ရပြီ " ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက ပြောကြားသည်။

Mobile Banking စနစ်ကို လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လုပ်ကိုင်ခွင့်လျှောက်ထားသည့် ဘဏ်များမှာ ပထမပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ မြ၀တီဘဏ်၊ ဧရာဝတီဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားဘဏ် အပါအ၀င် အခြားဘဏ်များမှလည်း လျှောက်ထားကြောင်း သိရသည်။

အဆိုပါ Mobile Banking စနစ် (မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ခြင်း) အား မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုပါက ငွေကြေးဆိုင်ရာပို့ဆောင်ရေးများတွင် များစွာလွယ်ကူ လျင်မြန်သွားနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် မိုဘိုင်းဘဏ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ပူးတွဲပါလျှောက်လွှာပုံစံတွင် ပြည့်စုံစွာဖြည့်စွက်၍ တာဝန်ခံပုဂ္ဂိုလ်မှ လက်မှတ်ရေးထိုလျှောက်ထား ရမည်ဖြစ်ပြီး ဖြည့်စွက်ပုံစံနှင့်လျှောက်လွှာအား ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး အမှတ် ၅၅၊ နေပြည်တော် သို့ပေးပို့ရမည် ဖြစ်သည်။

Mobile Banking စနစ် အသုံးပြုရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်း Network ကိုသာ အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

Eleven Media Group