Non- Repetition ခြင်းလုံး ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ အသင်းများ ရွှေတံဆိပ် ထပ်မံ ဆွတ်ခူး

ပို့စ်တင်ချိန် - 12/09/2013 09:24:00 AM



(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ခြင်းလုံးပွဲစဉ် တတိယကစားနည်း တစ်မျိုးဖြစ်သည့် Non- Repetition (မျိုးကွဲပြိုင်ပွဲ) အမျိုးသား၊ အမျိုးသမီးခြင်းလုံး ဗိုလ်လုပွဲ စဉ်များကို ယနေ့ နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာ အသင်းများမှ ရွှေတံဆိပ် ဆုနှစ်ဆုကို ထပ်မံ ဆွတ်ခူးသွားသည်။

ဗိုလ်လု ပွဲစဉ် ပထမပွဲစဉ် ဖြစ်သည့် အမျိုးသမီး ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အမျိုးသမီး အသင်းမှာ လာအို အသင်းကို ပွဲငယ်သုံးပွဲ ကစားပြီးချိန် တွင် ရမှတ် စုစုပေါင်း(၂၈၉-၂ဝ၄)မှတ်ဖြင့် ရွှေတံဆိပ်ဆုကို ထပ်မံ ဆွတ်ခူး ပေးခဲ့သည်။ ဗိုလ်လု ပွဲစဉ် ဒုတိယပွဲစဉ် ဖြစ်သည့် အမျိုးသား ပြိုင်ပွဲတွင် မြန်မာ အမျိုးသား အသင်းမှာ ကမ္ဘောဒီးယား အသင်းကို ပွဲငယ်သုံးပွဲအနက် ပထမပွဲငယ်တွင် ရမှတ်အသာဖြင့် အပြတ် အသတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ဒုတိယပွဲငယ်နှင့် တတိယ ပွဲငယ်များတွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရပြီး ရမှတ် (၃၅၉-၂၉၁) မှတ်ဖြင့် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ပေးခဲ့ခြင်း ဖြစ်သည်။

တတိယခြင်းလုံး ကစားနည်း ဖြစ်သည့် Men's Non-Repetition အမျိုးသားခြင်းလုံး ပြိုင်ပွဲကို ယမန်နေ့က ယှဉ်ပြိုင် ကစားခဲ့ပြီး အိမ်ရှင်မြန်မာ အမျိုးသားအသင်းမှာ သုံးပွဲ ကစားအပြီး ရမှတ် (၃၄၉) မှတ်ဖြင့် ဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ကမ္ဘောဒီးယား အသင်းမှာ ရမှတ် (၂၅၉) မှတ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည် နိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအသင်း အပါအဝင် ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့မှာ ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့ခြင်း ဖြစ်သည်။

Women's Non- Repetition ခြင်းလုံး ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းမှာ ရမှတ်(၂၈၁)မှတ်၊ လာအိုအသင်းမှာ ရမှတ်(၂၃ဝ) မှတ်၊ ကမ္ဘောဒီးယား အသင်းမှာ ရမှတ် (၁၄၅) မှတ်၊ မလေးရှား အသင်းမှာ ရမှတ် (၁ဝဝ) ဖြင့် အသီးသီး ရပ်တည်ခဲ့ပြီး အမျိုးသမီး ခြင်းလုံး ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင် မြန်မာအသင်းနှင့် ဒုတိယနေရာမှ လာအို အသင်းတို့ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ ယနေ့ ကျင်းပသည့် ဗိုလ်လု ပွဲစဉ်များတွင် အိမ်ရှင် မြန်မာ အသင်းမှ အမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းတို့ ရွှေတံဆိပ်နှစ်ဆု ထပ်မံ ဆွတ်ခူးနိုင် သည့်အတွက် အိမ်ရှင် မြန်မာအသင်း အနေဖြင့် စုစုပေါင်း ရွှေတံဆိပ် လေးဆုကို ခြင်းလုံးက စားနည်း တစ်ခုတည်းမှ ဆွတ်ခူး ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ