ဈေးကွက်အတွင်း ရုပ်သိမ်းခဲ့သည့် Rocker အချိုရည် ပြန်ရောင်းခွင့်ရ

ပို့စ်တင်ချိန် - 12/19/2013 08:00:00 AM

ပြီးခဲ့သည့်သုံးလက ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများ ပြန်လည် ရုပ်သိမ်းခြင်းခံရသည့် Rocker အချို ရည်ဘူးများကို ပြန်လည်ထုတ်လုပ် ရောင်းချခွင့်ပြုလိုက်ပြီဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန ဒု-ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဒီဇင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“နိုဝင်ဘာလကုန်ပိုင်းက မြန်မာနိုင်ငံ ဗဟိုအစားအသောက်နဲ့ ဆေးဝါးဦးစီးဌာန အစည်းအဝေးမှာ ပြန်လည်ခွင့်ပြုလိုက်တာပါ”ဟု Rocker အချိုရည် ပြန်လည်ရောင်းချခွင့်ရရှိခဲ့ပုံကို ပြောသည်။

Rocker အချိုရည်များအတွင်း မည်းညစ်ညစ်အရည်များကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်က နေ ပြည်တော်တွင် စတင်တွေ့ရှိပြီးနောက် မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်တွင်းမှ ပြန်လည် ရုပ်သိမ်းခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါ Rocker အချိုရည်သည် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အမှတ် (စ၄/၀၀၀၁၃ / ထလ-၁၉) ဖြင့် ပြန်လည်ခွင့်ပြုချက် ရရှိထားကာ ကြော်ငြာများ ပြန်လည်ပြုလုပ်ပြီး ဈေးကွက်သို့ ဖြန့်ချိရောင်းချတော့မည်ဟု Rocker အချိုရည်ကုမ္ပဏီမန်နေဂျာ ဒေါ်ကြင်ကြင်ဝေက ပြောသည်။

“မှတ်ပုံတင်စိစစ်ဆဲကာလမှာ ရောင်းချခဲ့တာကြောင့် ပြန်လည်ပြီး ဈေးကွက်က ရုပ်သိမ်းခိုင်းတယ်။လူကို ဘေးထွက်ဆိုးကျိုး ဖြစ်စေတာတော့ ဘာမှမရှိဘူးလို့လည်း တွေ့ရှိထားတာ ဖြစ်တဲ့အတွက် ယုံကြည်စွာ နဲ့ သောက်သုံးလို့ရပြီဆိုတာ ပြောချင်ပါတယ်”ဟု ဆိုသည်။

Rocker အချိုရည်ကို Green Circle ကုမ္ပဏီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မှတ်ပုံတင်စိစစ်ဆဲ အချိန်ကာလမှာပဲ ကုန်ပစ္စည်းများကို ထုတ်လုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။ မှတ်ပုံတင်ထားခြင်းမရှိသည့် စားသောက်ကုန်များ ဈေးကွက်အတွင်းသို့ ရောက်ရှိနေခြင်းမှာ မဖြစ်သင့်ဟု စာသုံးသူကာကွယ်ရေးအ သင်းက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဝေဖန်ပြောဆိုထားသည်။

Mizzima Burmese