SEA Games ပြိုင်ပွဲများကို အဝေးမှ သုံးသပ်ခြင်း

ပို့စ်တင်ချိန် - 12/13/2013 08:49:00 AM


့မြန်မာ့အားကစားအဖွဲ့က SEA Games တွင် ၁၉၈၃ ခုနှစ် စင်ကာပူ SEA Games မှစကာ ၂၀၁၁ ဂျာကာတာ SEA Games အထိ ရွှေတံဆိပ် ၂၀ ကျော် မရခဲ့ဖူးသည့် စံချိန်ကိုမူ ကျော်ဖြတ်နိုင်တော့မည် ဖြစ်ပါသည်။

၁၉၆၉ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ကစားနည်း ၁၅ မျိုး ထည့်သွင်း ကျင်းပသည့် ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပသည့် အိမ်ရှင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၇၀ မှ ၁၀၀ ရရှိရန် မျှော်လင့်ထားကြသည်။

ဒီဇင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်း ပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲ များမှာ ရိုးရာခြင်းလုံး၊ ဝူရှူး၊ နပန်း၊ ကနူး/ကယက်လှေ၊ ပိုက်ထဲ ခြင်းလုံးခတ်သွင်းသည့် ပွဲတို့ ကျင်းပပြီးစီးခဲ့ပြီး ရွှေတံဆိပ် ၁၉ ဆု ဆွတ်ခူးထားသည်။ ဘောလုံး၊ ဘတ်စကက်ဘော၊ ဝါတာပိုလို၊ လက်ဝှေ့ အားကစားနည်း တို့မှာ စတင် ကျင်းပဆဲပင် ဖြစ်သည်။

ရွှေရောင်မျှော်လင့်ချက်

ဖွင့်ပွဲမတိုင်မီ စတင်ကျင်းပနေသော ပြိုင်ပွဲများအနက် ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဝါတာပိုလို စသည့် အသင်းလိုက် ပြိုင်ပွဲများပါသည့် ယင်းအားကစားနည်း သုံးမျိုးအနက် ဝါတာပိုလိုနှင့် ဘတ်စကက်ဘော ပြိုင်ပွဲမှာ ရွှေရောင်မျှော်လင့်ချက် ကင်းဝေးသွားပြီ ဖြစ်သည်။ ဝါတာပိုလိုပြိုင်ပွဲတွင် မြန်မာအသင်းသည် ပြိုင်ပြီးသမျှ ရှုံးသည်။ ထိုနည်းတူစွာ ဘတ်စကက်ဘော ပြိုင်ပွဲတွင်လည်း ပြိုင်ပြီးသမျှ ပွဲတိုင်းမနိုင်ပါ။ လက်ကျန်ပွဲ များတွင်လည်း အနိုင်ရနိုင်ဖွယ် မရှိပါ။ ဘတ်စကက်ဘော အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘော အသင်းတွင် လောက်ကိုင်ဒေသမှ တိုင်းရင်းသား ဘတ်စကက်ဘောသမား များဖြင့် အနိုင်ကစားပြီး ရွှေတံဆိပ် ရယူမည်ဟု ပြိုင်ပွဲမတိုင်မီက ကြုံးဝါးထားသည်။ လက်တွေ့တွင်မူ ကမ္ဘောဒီးယားအသင်း ကိုပင် ရှုံးသည်။ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော နှစ်သင်းစလုံး ရွှေတံဆိပ် မဆိုထားဘိ၊ ကြေးတံဆိပ်ပင် မရနိုင်ပါ။

ဘောလုံး

ဘောလုံးအားကစားနည်းတွင် ဘောလုံး (Soccer) တွင် အမျိုးသား၊ အမျိုးသမီး၊ ဖူဆယ်တွင် အမျိုးသား အမျိုး သမီးအသင်းများ ပါဝင်လျက်ရှိသည်။ အမျိုးသား ဘောလုံးအသင်းက အုပ်စု (ခ) တွင် ကမ္ဘောဒီးယား၊ တီမော၊ ထိုင်း၊ အင်ဒိုနီးရှား အသင်းတို့နှင့် ရန်ကုန် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားလျက်ရှိသည်။

ကမ္ဘောဒီးယား အသင်းကို ၃-၀ ဂိုး၊ တီမောအသင်းကို ၃-၁ ဂိုးဖြင့်နိုင်ပြီး အမှတ် ခြောက်မှတ် ရထားသည်။ တီမောနှင့် ကစားသည့်ပွဲတွင် ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းပြီးရသည့် ပထမဂိုး၊ ပင်နယ်တီ ပြစ်ဒဏ်မှ ရသည့် ဒုတိယဂိုးတို့ အပါအဝင် သုံးဂိုးရရှိခြင်း ဖြစ်သည်။

တီမောနှင့် ပထမပိုင်း ၄၅ မိနစ်တွင် မြန်မာအသင်း ကစားသွားသည့် ခြေစွမ်းများမှာ သာမန်အဆင့်ထက်ပင် ညံ့နေသည်။ ယင်းခြေစွမ်းမျိုးနှင့် ဆိုလျှင် ရွှေတံဆိပ် ရနိုင်ခြေ နည်းသည်။ မြန်မာအသင်း ကစားရမည့် လက်ကျန်နှစ်ပွဲ ကလည်း အသင်းကြီး များဖြစ်သည့် ထိုင်းနှင့် အင်ဒိုနီးရှားတို့ ဖြစ်သည်။ နှစ်ပွဲစလုံး အထူးကြိုးစား ကစားရမည် ဖြစ်သည်။ အုပ်စု (ခ) မှ အကြိုဗိုလ်လုပွဲ တက်နိုင်သည်မှာ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှားအသင်း တို့သာ ဖြစ်သည်။

အင်ဒိုနီးရှားက ၂၀၁၁ ဂျာကာတာ SEA Games ဘောလုံးပွဲတွင် မလေးရှား အသင်းကို ပင်နယ်တီဂိုး အဆုံးအဖြတ်ဖြင့် ရှုံးပြီး ငွေတံဆိပ်ရထားသည့် အသင်း ဖြစ်သည်။ ထိုင်းအသင်းကမူ ၂၀၁၁ SEA Games တွင် အုပ်စုပြည့်အသင်း ဖြစ်သည်။ လက်ကျန် နှစ်ပွဲစလုံးကို မြန်မာအသင်း မရှုံးမှသာ အကြိုဗိုလ်လုပွဲ ရောက်မည် ထင်သည်။ ထိုသုံးသင်း ကစားသွားသည့် ပွဲရလဒ် များကို လေ့လာကြည့်လျှင် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကစားရမည့် အင်ဒိုနီးရှားအသင်းကို အနိုင်ရနိုင်သည်။ အုပ်စု (ခ) ပထမရလိုလျှင် ဒီဇင်ဘာလ ၁၄ ရက်တွင် ကစားရမည့် ထိုင်းအသင်းနှင့် သရေကစားနိုင်လျှင်ပင် အကြိုဗိုလ်လုပွဲ တက်နိုင်သည်။

အုပ်စု (က) မှ စင်ကာပူနှင့် လာအို ကစားသည့်ပွဲ၊ ဗီယက်နမ်နှင့် စင်ကာပူတို့ ကစားသည့်ပွဲများကို ရုပ်သံမှတစ်ဆင့် ကြည့်ရသည်။ ပွဲအစမှ ဆိုသလိုပင် လာအိုကစား သမားတစ်ဦး အနီကတ်တိုက်ရိုက် အပြခံရပြီး ထွက်လိုက်ရသည်။ စင်ကာပူမှ တစ်ဂိုး စသွင်းသည်။ သို့သော် ၁၀ ယောက်တည်းနှင့် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံ ကစားသွားသော လာအိုအသင်းက ချေပ ဂိုးသွင်းပြီး တစ်ဂိုးစီ သရေကျသွားသည်။

ပွဲဦးထွက်တွင် ဘရူနိုင်း ဘောလုံးအသင်းကို ခုနစ်ဂိုးပြတ် နိုင်ထားသည့် ဗီယက်နမ်အသင်းနှင့် ၁၀ ယောက်တည်းသာ ကျန်သည့် လာအိုအသင်းကိုပင် အနိုင် မကစားနိုင်သည့် စင်ကာပူအသင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော် ဇေယျာသီရိ အားကစားပြိုင်ဝင်းတွင် ကစားသွားကြသည်။ ပွဲကြည့်ပရိသတ် နည်းသည်။ သုံးမှတ်ရထားသော ဗီယက်နမ်အသင်းနှင့် တစ်မှတ်ရထားသော စင်ကာပူအသင်းတို့ ပွဲတွင် အံ့သြဖွယ်ရာ ကောင်းလောက်အောင်ပင် စင်ကာပူအသင်းက ၁-၀ ဂိုးဖြင့် နိုင်သွားသည်။ နှစ်သင်းစလုံး အစွမ်းကုန်ကြိုးစား ကစားသွားကြသည်။ အဆင့်အတန်းမှာလည်း အရှေ့တောင်အာရှ အဆင့်တွင် ကောင်းသည်ဟု ဆိုနိုင်သည်။

အမျိုးသမီး

(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲ၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မူလကယှဉ်ပြိုင်ရန် အသင်းရှစ် သင်း စာရင်းသွင်းထားသည်။ ရှစ်သင်းဖြင့် ပွဲစဉ်များရေးဆွဲပြီး ပြိုင်ပွဲစခါနီးမှ အင်ဒိုနီးရှားအသင်း ထပ်ထွက်သွားပြန် သည်။ ကျန်ခြောက်သင်း ပွဲစဉ်ထပ်ဆွဲရ သည်။ အင်ဒိုနီးရှားကစားမည့် ပွဲများအတွက် လက်မှတ် ကြိုတင်ဝယ်ထားသူမျာားး ငွေပြန်အမ်းရသည်။

မြန်မာအမျိုးသမီးနှင့် ဖိလစ်ပိုင် အသင်းတို့ ကစားသည့်ပွဲကို မန္တလာသီရိ ကွင်းတွင် အားကစား ဝါသနာရှင်များ ကွင်းလုံးပြည့် အားပေးကြသည်။ ဖိလစ်ပိုင် အသင်းမှ ကစားသူများ၏ ကိုယ်လုံး ကိုယ်ပေါက်များမှ အာရှတိုက်မဆန်ဘဲ မြောက်အမေရိကတိုက် ဟန်ပန်ဖြစ်သည်။ သို့ရာတွင် ဖိလစ်ပိုင် ဆင်မကြီးများကို မြန်မာ ဆိတ်မလေးများက နှစ်ဂိုးပြတ် နိုင်သည် (၂-၀)။ ဘောလုံးရွှေရောင်၏ မျှော်လင့်ချက်က မြန်မာအမျိုးသမီး ဘောလုံးအသင်း ဘက်တွင် ရှိနေသည်။

ဖူဆယ်

နောက်ထပ် ဘောလုံးကစားနည်း တစ်မျိုးကတော့ အားကစားရုံတွင်းတွင် ကစားရသည်။ မြန်မာက အမျိုးသား၊ အမျိုးသမီး အသင်းများ အိမ်ဖြည့်အဖြစ် ဝင်ပြိုင် ပေးသည်။ ရွှေတံဆိပ် မရနိုင်ပါ။

ဒီဇင်ဘာ ၁၁

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဖွင့်မည့်နေ့မှာပင် နေပြည်တော်တွင် ပိုက်ကျော်ခြင်းနှင့် မြင်းစီးတာဝေးစီးပွဲ ကျင်းပသည်။ ပိုက်ကျော်ခြင်း သုံးယောက်တွဲ အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာစုံတွဲတို့ ရှုံးထားသည်။ ပထမပွဲတွင် အင်ဒိုနီးရှားအသင်း များကို ရှုံးနိမ့်ထားကြသည်။ ပြိုင်ပွဲ မပြီးသေးပါ။

မြင်းစီး

မြင်းစီးပြိုင်ပွဲများတွင် တစ်ပွဲ အပါအဝင် ဖြစ်သည့် မြင်းရော၊ မြင်းစီးသူပါ ခံနိုင်ရည် "Endurance" စမ်းသပ်သည့် ကီလိုမီတာ ၈၀ တာဝေး မြင်းစီးပြိုင်ပွဲလည်း ဒီဇင်ဘာ ၁၁ ရက်မှာပင် ကျင်းပသည်။ မြန်မာ့မြင်းနှင့် ဂျော်ကီတို့က ဒုတိယသာ ရသည်။ မလေးရှားက ပထမရွှေတံဆိပ်ဆု ရသည်။ မြင်းစီးအဖွဲ့ချုပ် ဘက်ကတော့ ရွှေတံဆိပ် ခြောက်ခုစလုံး ရမည်ဟု ပြောထားဖူးသည်။ ယခုရွှေတံဆိပ် တစ်ဆု လျော့သွားပြီဖြစ်သည်။ ဒီဇင်ဘာလ ၁၁ မှ ၂၂ အတွင်း ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲများတွင် မြန်မာ အားကစားသမားများ ရွှေတံဆိပ် ဘယ်ရွေ့ဘယ်မျှ ထပ်မံဆွတ်ခူးနိုင်မလဲ ဆိုသည်ကတော့ စိတ်ဝင်စားစရာ ကောင်းနေသည်။

The Voice Weekly Myanmar