ADSL အင်တာနက်လိုင်း အမြန်နှုန်းကောင်းမွန်ရန် စတင်စစ်ဆေး

ပို့စ်တင်ချိန် - 1/21/2014 05:17:00 PM


အမြန်နှုန်းများ ကျဆင်းနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်လာစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ကွင်းဆင်းစစ်ဆေးမှုများကို ယခုလ ဒုတိယအပတ်အတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

“တချို့ Sea Game မှာ ပေးထားလို့၊ မသန်စွမ်းအားကစားပွဲမှာ ပေးထားလို့ဆိုပြီး အင်တာနက်လိုင်းတွေကို ပြောနေကြတာ တကယ်တော့ မဆိုင်ဘူး။ ဒါတွေ ပေးထားတာလောက်နဲ့ အမြန်နှုန်းကို မထိခိုက်ပါဘူး” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။

လေ့လာချက်အရ ADSL အင်တာနက်လိုင်းများ အမြန်နှုန်း ကျဆင်းရခြင်းသည် အကွာအဝေး ရှည်လျားခြင်းနှင့် တပ်ဆင်ထားသော နည်းပညာများ နောက်ကျကျန်ရစ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လေ့လာမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမြန်နှုန်းမြှင့်တင်နိုင်မည့် နည်းလမ်းဖြင့် လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။

ဖိုက်ဘာ အင်တာနက်လိုင်းအနေဖြင့် တိုက်ရိုက်အင်တာနက် စနစ်ကို ချိတ်ဆက်ထားသည့်အတွက် အမြန်နှုန်းကျဆင်းခြင်း နည်းပါးသော်လည်း ADSL အင်တာနက်လိုင်းသည် ယခင်က ပုံစံအဟောင်းများနှင့် လုပ်ကိုင်ခဲ့ခြင်းနှင့် အကွာအဝေး ရှည်လျားခြင်းသည် အမြန်နှုန်းကျဆင်းခြင်းကို ပိုမိုဖြစ်ပေါ်စေသည်ဟု သိရသည်။

ADSL အင်တာနက်လိုင်းကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လိုင်းအရေအတွက် ၈ ထောင် အသုံးပြုနိုင်ရန် စီစဉ်ထားသော်လည်း အချို့ ချိတ်ဆက်ထားသူများမှာ အသုံးပြုခြင်း မရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းလောက်က အင်တာနက်သုံးရတာ ကောင်းတယ်လို့ ပြောနိုင်တယ်။ အခု နောက်ပိုင်း ဘယ်လိုင်းနဲ့ပဲ သုံးသုံး အင်တာနက်က နည်းနည်းနှေးလာတာ တွေ့ရတယ်” ဟု နေ့စဉ် အင်တာနက် အသုံးပြုသူ တစ်ဦးက ပြောသည်။

သတင်းအချက်အလက်နှင့် နည်းပညာဌာနသည် လက်ရှိအချိန်၌ အင်တာနက်လိုင်းများ ကောင်းမွန်ရန်အတွက် စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်းနှင့် ADSL အင်တာနက်လိုင်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် တိုးချဲ့ချထားပေးမည့် အစီအစဉ်ကိုလည်း လုပ်ကိုင် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal