ရခိုင်ကျောက်စာ၊ သမိုင်းသုတ သင်တန်း (၁)နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ALD(ဂျပန်)မှ ကွန်ပျူတာလှူဒါန်း

ပို့စ်တင်ချိန် - 1/10/2014 11:49:00 AM


ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်-စစ်တွေ) ရုံးတွင် သင်ကြားပို့ချလျက်ရှိသော ရခိုင်ကျောက်စာနှင့် သမိုင်း သုတသင်တန်း (၁)နှစ်ပြည့် နှစ်ပတ်လည်ပွဲ အထိမ်းအမှတ် အခမ်းအနားနေ့တွင် ALD (ဂျပန်)မှ ကွန်ပျူတာများ လာရောက် လှူဒါန်းသွားကြောင်း သတင်း ရရှိသည်။

၎င်း (၁)နှစ်ပြည့် နှစ်ပတ်လည်ပွဲ အထိမ်းအမှတ် အခမ်းအနားအား ဇန်န၀ါရီလ ၉ ရက်နေ့  ညနေ (၇း၃၀) နာရီ အချိန်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စတင် ကျင်းပရာ ကွန်ပျူတာ အလှူရှင် ALD (ဂျပန်) ဦးလှအေးမောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟိုဌာချုပ်-စစ်တွေ)ကိုယ်စား အဖွဲ့အလုပ်အဆောင် ဦးစောလှဖြူထံသို့ ကွန်ပျူတာ (၃) လုံး လှူဒါန်းသွားခဲ့သည်။

အခမ်းအနားတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ဆောင်(စစ်တွေ) ဦးလှမောင်က အနာဂတ် မျိုးဆက် လူငယ်များကို နား၊ မျက်စိ ဖွင့်ပေးချင်၍ ယခုလို  ရခိုင်ကျောက်စာနှင့် သမိုင်း သုတသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ သင်တန်းဖွင့်ရခြင်၍ ရည်ရွယ်ချက်ကို ပြောပြရရင် အနာဂတ် ရခိုင် မျိုးဆက်လူငယ်တွေကို နား၊ မျက်စိ ဖွင့်ပေးချင်တယ်။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ သမိုင်းကို လေ့လာမယ်ဆိုရင် ကျောက်စာကို ဖတ်တတ်၊ ရေးတတ်ဖို့ အရေးကြီးတယ်။ ဒါပြင် အထွေထွေ ဗဟုသုတလည်း ရှိဖို့လိုအပ်တယ်။ဒါကြောင့် ဒီလို သင်တန်းမျိုးကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

အခမ်းအနားတွင် ရခိုင်ကျောက်စာနှင့် သမိုင်းသုတ သင်တန်းမှ ဆရာဦးအောင်လှသိန်း၊ ဆရာ ဦးကျော်ဇံမောင်နှင့် ကွန်ပျူတာဆရာဦးစောထွန်းတို့လည်း တက်ရောက်ခဲ့ပြီး အမှာစကားများ ပြေားခဲ့သည်ဟု သိရသည်။


ဆရာဦးအောင်လှသိန်းမှ “သင်ဆရာ၊ မြင်ဆရာများမှ တဆင့် ရရှိထားသော ပညာများကို အနာဂတ် မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းလို၍ ယခုလို တန်ဖိုးရှိသော သင်တန်းများကို ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း” ပြောကြားသည်။

ဆရာဦးကျော်ဇံမောင်ကလည်း  “ ရခိုင်ကျောက်စာကို ရခိုင်သမိုင်းအကြောင်းကို လေ့လာလိုသူတိုင်း တတ်ထားသင့်သော ပညာရပ်ဖြစ်သဖြင့် သင်ကြားနေသူများကို အကျိုးရှိစေမည်သာမက ကျွမ်းကျင်သော ကျောက်စာဖတ် ရေးတတ်သူများ တိုးပွားလာပါက လူမျိုးအတွက်ပါ အကျိုးရှိမည် ဖြစ်ကြောင်း” ပြောကြားသွားသည်ဟု သိရသည်။

အထိမ်းအမှတ် အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ သင်တန်းဆရာများ၊ သင်တန်းသူ/သားများ၊ မြို့သူ/မြို့သားများနှင့် ဧည့်သည်တော်များ အပါအဝင် လူပေါင်း (၂၅၀)ခန့် တက်ရောက် သည်ဟု သိရသည်။

အခမ်းအနားမှာ ညနေ (၉း၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
(နိရဉ္စရာ- ၁၀ ဇန်န၀ါရီ ၂၀၁၄)
Burmesenews narinjara