မြန်မာအပေါ် စွပ်စွဲထားတာတွေကို ရုတ်သိမ်းပေးဖို့ ALD တောင်းဆို

ပို့စ်တင်ချိန် - 1/30/2014 01:41:00 PM


ရခိုင်ပြည်နယ် ​ဒုချီးရာတန်ကျေးရွာမှာ ​မွတ်စလင်လူမျိုး ​အယောက် ​၄၀ ​ကျော် ​အသတ်ခံရပြီး ​လူ့အခွင့်အရေး ​ချိုးဖောက်မှု ​တွေဖြစ်ပေါ်နေတယ်ဆိုပြီး ​ကုလသမဂ္ဂအပါအဝင် ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေက ​မြန်မာနိုင်ငံကို ​ဖိအားပေး ​ပြောဆိုခဲ့တာတွေကို ​ပြန်လည် ​ရုတ်သိမ်းပေးဖို့ ​ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ​ALD ​ပါတီက ​တောင်းဆိုလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (Credit: ABC)
ရခိုင်ပါတီကြီး ​နှစ်ခုပူးပေါင်းထားတဲ့ ​ALD ​ပါတီဟာ ​မနေ့က ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်း ​လင်း ​ပွဲ ​မှာ ​တောင်းဆို ​ခဲ့တာဖြစ်ပြီး ​မြန်မာနိုင်ငံအပေါ် ​စွပ်စွဲထားတာတွေ ​ဆက်လုပ်မယ်ဆိုရင် ​ ဒေသ ​တည်တံ့ ​ခိုင်မြဲရေး ​အတွက် ​နည်းမျိုးစုံနဲ့ ​ဆက်လက် ​ဆောင်ရွက်သွယ်မယ်လို့ ​ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ​ALD ​ပါတီရဲ့ ​ဥက္ကဌ ​ဦးအေးသာအောင်က ​အခုလို ​ပြောပါတယ်။

“ဒေသခံ ​ပြည်သူတွေရဲ့ ​ဒုက္ခ ​အခက်အခဲပေါ်မှာ ​စာနာမှု ​ထောက်ထားမှု ​မပြဘဲနဲ့ ​နိုင်ငံမဲ့ ​ဒုက္ခသည်ကို ​အကြောင်းပြုပြီး ​လူ့အခွင့်အရေး ​လူသားချင်း ​စာနာမှု ​ဆိုတာတွေကို ​ဘန်းပြပြီးတော့ ​လှုံ့ဆော်နေမယ်။ ​တစ်ဖက်စောင်းနင်း ​လုပ်နေမယ်ဆိုရင် ​ကျွန်တော်တို့ကလည်း ​ကျူးကျော်သိမ်းပိုက်မှု ​ကိစ္စတွေ၊ ​ကိုယ့်နယ်မြေရဲ့ ​လုံခြုံရေး၊ ​နယ်မြေ ​တည်တံ့ ​ခိုင်မြဲရေးအတွက် ​ဆက်လက်ပြီးတော့ ​နည်းမျိုးစုံနဲ့ ​ကြိုးစားဆောင်ရွက်ဖို့ ​တာဝန် ​ကျွန်တော်တို့မှာလည်း ​ရှိတယ်ဆိုတာ ​အတိအလင်း ​ပြောကြားလိုပါတယ်။”

အခုလို ​သတင်းမှားတွေ ​ထုတ်ပြန်ခဲ့တဲ့အတွက် ​လူမျိုးရေး ​ပဋိပက္ခ ​ပြန်လည် ​ဖြစ်ပွားလာမယ်ဆိုရင် ​ ကုလသမဂ္ဂ ​အပါအဝင် ​နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ​နိုင်ငံခြားသံရုံးတွေနဲ့ ​နိုင်ငံတကာ ​သတင်းဌာနတွေမှာ ​တာဝန်ရှိတယ်လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ် ​တည်ငြိမ်ရေးအတွက် ​အစိုးရအနေနဲ့ ​တရားဥပဒေစိုးမိုးရေးနဲ့ ​နယ်မြေ ​လုံခြုံရေးရှိဖို့အတွက် ​လုံခြုံရေးတပ်တွေကို ​ခေတ်မီ ​လက်နက်တွေ ​အစားထိုးပေးဖို့အတွက်လည်း ​ရခိုင်ပြည်နယ် ​နယ်စပ်ရေးရာက ​တာဝန်ရှိသူတွေကို ​တောင်းဆိုထားပါတယ်။

ဒါ့အပြင် ​ရခိုင်ပြည်နယ်မှာ ​ရှိနေတဲ့ ​လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ​ALP ​နဲ့ ​AA ​ရခိုင့်တပ်မတော်တို့ကိုလည်း ​နယ်မြေ ​လုံခြုံရေးအတွက် ​တာဝန်ယူပေးနိုင်ဖို့ ​တွေ့ဆုံ ​ဆွေးနွေးခဲ့တယ်လို့ ​ALD ​က ​တရားဝင် ​ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရကတော့ ​ရခိုင်ပြည်နယ်အတွင်း ​လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ​နယ်မြေ ​အေးချမ်းရေး၊ ​အေးချမ်းစွာ ​အတူ ​ယှဉ်တွဲနေထိုင်ရေးအတွက် ​တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ​ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ​သတင်းမှား ​ထုတ်ပြန်ခဲ့တဲ့ ​နိုင်ငံခြားသံရုံးတွေနဲ့ ​နိုင်ငံတကာ ​သတင်းဌာန ​အချို့အပေါ် ​ခေါ်ယူ ​သတိပေးဖို့ရှိတယ်လို့ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​ပြောသွားခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။


ဥရောပသမဂ္ဂ ​ကိုယ်စားလှယ်အဖွဲ့ ​ရခိုင်ပြည်နယ်မှာ ​ရောက်ရှိနေ

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ​ဥရောပ သမဂ္ဂသံရုံးမှ သံအမတ်ကြီး ​(Mr. ​Roland ​Kobia) မစ္စတာရိုလန်ကိုဘီရာ ​ဦးဆောင်တဲ့ ​ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ​သံအမတ်ကြီးတွေဟာ ​ဇန်န၀ါရီလ ​၂၉ရက်နေ့ ​မနေ့ကစပြီး ​ ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိနေပြီး ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ​နိုင်ငံတကာ ​INGO ​အဖွဲ့အစည်းတွေ၊ ​စစ်တွေမြို့မိမြို့ဖ ​အဖွဲ့တွေနဲ့ ​ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

ဥရောပသမဂ္ဂရုံးသံအမတ်ကြီးက ​ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေက ​၂ဖက်အဖွဲ့တွေရဲ့အသံ ​တွေနားထောင်ဖို့၊ ​ဘက်မလိုက်ပဲ ​၂ဖက်အဖွဲ့တွေကို ​ကြားကနေပြီး ​အကူအညီ ​ဘယ်လိုပေးရမလဲဆိုတာကို ​လာရောက်လေ့လာတာဖြစ်တယ်လို့ ​ပြောဆိုခဲ့တဲ့အကြောင်း ​အစည်းအဝေးတက်ရောက်ခဲ့တဲ့ ​စစ်တွေမြို့မိမြို့ဖ ​အဖွဲ့က ​အခုလိုပြောပါတယ်။

ကျနော်တို့ ​မြို့မိမြို့ဖ ​အဖွဲ့တွေကတော့ ​ရခိုင်ပြည်မှာ ​ဖြစ်ပျက်ခဲ့တဲ့ ​သမိုင်းစဉ်အကြောင်းတော့ ​ရှင်းပြတယ်ပေါ့၊ ​သူတို့ကို ​အဓိကကျတဲ့ ​အချက် ​၃ခုကို ​ကျနော်တို့ ​ပြောခဲ့တယ်ဗျ၊ ​EU ​အပါအ၀င် ​နိုင်ငံတကာအဖွဲ့အစည်းတွေက ​ဘက်မလိုက်ပဲ ​ကြားနေပြီးတော့ ​ဆောင်ရွက်မယ်ဆိုတာဟာ ​ဥပမာ ​ကျနော်တို့က ​ပြောတယ်၊ ​သူခိုးနဲ့ ​အိမ်ရှင်ပေါ့ ​မီးရှို့တဲ့လူနဲ့ ​မီးရှို့ခံရတဲ့သူ ​၂ဘက်ကြားမှာ ​ဘက်မလိုက်ပဲ ​ကြားနေမယ်ဆိုတာက ​သိပ်အဓိပါယ်မရှိလောက်ဘူး၊ ​လက်ခံနိုင်ဘွယ်မရှိဘူးလို့ပြောတယ်၊

နောက်တချက်ကတော့ ​အရင်တုန်းက ​အုပ်ချုပ်ခဲ့တဲ့ ​စစ်အစိုးရလက် ​ထက်တုန်းကပေါ့၊ ​စစ်အစိုးရကို ​ဖိအားပေးချင်တဲ့ ​ရည်ရွယ်ချက်နဲ့ ​လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီးတော့ ​ဘင်ကလီအရေးကိစ္စတွေ ​ဆောင်ရွက်နေတာကို ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီနိုင်ငံတည်ဆောက်နေတဲ့ ​ကာလမျိုးမှာအဲဒီလုပ်ရပ်တွေ ​လုပ်ဖို့မသင့်တော်တော့ဘူး ​ဆိုတာပြောတယ်၊နောက်ဆုံးတချက်ကတော့ ​ဒီမိုကရေစီ ​အစိုးရစနစ်နဲ့ ​အုပ်ချုပ်တဲ့ ​အစိုးရစနစ်မှာ ​ပြည်သူလူထုရဲ့ဆန္ဒနဲ့ ​အုပ်ချုပ်ရမလားဒါမှမဟုတ် ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေရဲ့ ​ဆန္ဒနဲ့ ​အုပ်ချုပ်ရမလားဆိုတာကို ​အခုတက်ရောက်လာတဲ့ ​ဒီမိုကရေစီတိုင်းပြည်တွေဖြစ်တဲ့ ​EU ​နိုင်ငံတွေ ​နားလည်မှာပါလို့ ​ ကျနော်တို့ ​စစ်တွေမြို့မိမြို့ဖအဖွဲ့က ​အဲဒီအချက် ​၃ချက်ကို ​အသေအချာပြောပြ ​ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ​အီးယူကိုယ်စားလှယ်တွေ ​ဒုချီးရာတန်ကျေးရွာကို ​သွားရောက်ဖို့ရှိတယ်လို့ ​သိရပြီး ​အဲဒီ ​မသွားရောက်ခင်မှာပဲ ​ဒုချီးရာတန် ​အနောက်ကျေးရွာမှာ ​မီးလောင်မှုဖြစ်တဲ့အတွက် ​အိမ် ​၁၀ ​လုံးကျော် ​မီးထဲပါသွားခဲ့ပါတယ်။

ရွာသားတွေ ​ကိုယ်တိုင်ကိုယ့်အိမ်ကိုယ် ​မီးပြန်ရှို့တာလို့ ​လုံခြုံရေးအာဏာပိုင်တွေက ​ပြောဆိုပေမယ့် ​ရွာသားတွေက ​ငြင်းဆိုနေတယ်လို့ ​ဗွီအိုအေ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ​ဒုချီးရာတန်ကျေးရွာမှာ ​အခုလ ​၁၃ရက်နေ့မှာ ​ပဋိပက္ခဖြစ်ပွားခဲ့တာ ​ဖြစ်ပြီး ​လက်ရှိအခြေအနေမှာတော့ ​အခြေအနေတွေငြိမ်သက်နေပေမယ့် ​ပြဿနာ ​ထပ်ဖြစ်မှာ ​စိုးရိမ်တဲ့အတွက် ​တချို့ရွာသားတွေကတော့ ​ပြောင်းရွေ့တာတွေလုပ်နေကြတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia