ATM စက်များတွင် MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်မည်

ပို့စ်တင်ချိန် - 1/31/2014 05:44:00 PM


အလိုအလျောက် ငွေထုတ်စက် (ATM) များတွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ကာ MPU (Myanmar Payment Union) ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်ပြီ ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။ ATM စက်တွင် ဖုန်းငွေဖြည့်နိုင်ရန် MPU ကတ်ရှိရန် လိုအပ်ပြီး ATM စက်တွင် ကိုင်ဆောင်ထားသော MPU ကတ်သုံးကာ လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးနောက် ဖြည့်လိုသည့် ငွေပမာဏကို ရွေးချယ်ဖြည့်သွင်းနိုင်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းငွေဖြည့်နိုင်တဲ့နည်း နှစ်မျိုးရှိတယ်။ တစ်မျိုးက ATM စက်နဲ့ Screen (မျက်နှာပြင်)မှာ ကုတ်နံပါတ်ပေါ်တာကို တစ်ခါတည်း ရိုက်ထည့်တာ။ နောက်တစ်မျိုးက ကုတ်နံပါတ်ကို စာရွက်အနေနဲ့ သိမ်းထားချင်တာမျိုးအတွက် စလစ်ထုတ်ပြီးမှ ဖြည့်လို့ရတယ်” ဟု ၎င်းက ရှင်းပြသည်။ ATM စက်များတွင် MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်ပြီ ဆိုသော်လည်း ဖုန်းငွေဖြည့်ကတ် လက်လီလက်ကား ရောင်းချနေသော အရောင်းဆိုင်များအတွက် ထိခိုက်မှုမရှိနိုင်ကြောင်း ပန်းဘဲတန်းမြို့နယ်ရှိ ဖုန်းငွေဖြည့်ကတ် လက်လီလက်ကား အရောင်းဆိုင် လုပ်ငန်းရှင်က ပြောဆိုသည်။ “ဘယ်လိုဖြစ်မယ်ဆိုတာ သေချာမသိပေမယ့် ဒီဟာက MPU ရှိတဲ့သူဖြစ်မှ၊ ပြီးတော့ ATM စက်လည်း အနီးအနားမှာရှိနေမှ အလွယ်တကူ ဖြည့်နိုင်မှာလေ” ဟု ၎င်းက ဆိုသည်။ MPU ကတ်ဖြင့် ဖုန်းငွေဖြည့်နိုင်သည့် အတွက် ဖုန်းငွေဖြည့်ကတ် အရောင်းဆိုင်သို့ သီးသန့်သွားရန် မလိုအပ်တော့ဘဲ ATM စက်ရှိသည့် နေရာတွင် တစ်ခါတည်း ငွေဖြည့်နိုင်သည့်အတွက် ပိုမိုအဆင်ပြေလာကြောင်း MPU ကတ် သုံးစွဲသူတစ်ဦးက ဆိုကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge