မြန်မာ ပုဂ္ဂလိက လေကြောင်းလိုင်း AWA က ချင်းမိုင်ခရီးစဉ်ပျံသန်းတော့မယ်

ပို့စ်တင်ချိန် - 1/21/2014 05:27:00 PM


မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တို့ကို ပျံသန်းမယ့် နောက်ထပ် လေကြောင်းလိုင်းတခု ထပ်တိုးလာ ပါတော့မယ်။


အဲဒါကတော့ မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ Asian Wings Airways ပါဘဲ။ Asian Wings Airways ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာတော့ အခု ဇန်နဝါရီလ ၂၉ ရက်နေ့က စတင် ကာ  ချင်းမိုင်- မန္တလေး ခရီးစဉ်ကို ပြေးဆွဲမယ်ဖြစ်တဲ့ အကြောင်း ဖော်ပြထားပါတယ်။

AWA လေကြောင်းလိုင်းဟာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က စတင်လည်ပတ်ခဲ့ တာဖြစ်ပြီး
လေကြောင်းလိုင်း ဥက္ကဋ္ဌက ဦးသန်းဦးဖြစ်တယ်လို့ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့အချက်အလက်အရ သိရ ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို အပတ်စဉ် ကြာသပတေး၊ တနင်္ဂနွေနေ့တိုင်း လက် ရှိ ပြေးဆွဲနေတဲ့ သူဋ္ဌေး ကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပြင် အခု AWA လေကြောင်းလိုင်း တခု တိုးလာပေမယ့် AWA ဝက်ဆိုက် မှာတော့ အသေးစိပ် သတင်းအချက်အလက်ကို ဖော်ပြထားတာ မရှိသေးဘဲ မကြာခင် အသေးစိပ် အချက်အလက်တွေကို ဖော်ပြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


ဒါပေမယ့် မကြာသေးခင်ကပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ AWA က  လေကြောင်းပျံသန်းမှုဆိုင်ရာ ရှင်းလင်းပွဲ တခု လုပ်ဆောင်သွားခဲ့ပြီး မကြာခင်  ထိုင်း-မြန်မာ တိုက်ရိုက်ပျံသန်းတော့မှာဖြစ်တယ် လို့ ပြောသွားခဲ့ပါ တယ်။

အခု သတင်းတင်ပြီး မိနစ်ပိုင်း အကြာမှာပဲ နောက်ထပ် ရရှိတဲ့သတင်းများအရ အဆိုပါ AWA လေကြောင်း လိုင်းကို ဥက္ကဋ္ဌ ဦးကြည်ဝင်းနဲ့ ကိုလွင်မိုးတို့က အမည်ခံပြီး မန္တလေး- ချင်းမိုင်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း ပြေးဆွဲသွားမှာဖြစ်ပြီးလေယာဉ်အမှတ် YG 003 ဖြင့် ပြေးဆွဲမယ်လို့ သိရပါတယ်။

မန္တလေးက ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၁၀ မိနစ်မှာ ထွက်ခွာမှာဖြစ်ပြီး ချင်းမိုင်ကို ဒေသစံတော်ချိန် ၃ နာရီ မိနစ် ၅၀ မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ချင်းမိုင်က အဆိုပါနေ့ ညနေ ၁၆ နာရီ ၃၅ မိနစ်မှာ ပြန်လည်ထွက်ခွာပြီး မန္တလေးကို ဒေသစံ
တော် ချိန် ၅ နာရီ ၁၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်လက်မှတ်ဈေးနှုန်းများနဲ့ပတ်သက်ပြီး ချင်းမိုင်မြို့က လေယာဉ်လက်မှတ်အကျိုးဆောင်တဦးရဲ့
ပြောဆိုချက်အရ အသွားအပြန် One Month Open အတွက် ထိုင်းဘတ်ငွေ ၉၂၀၀ ဖြစ်ပြီး 3 M, Open အတွက် ဘတ်ငွေ ၉၉၅၀ ဖြစ်ကြောင်း သိရပါတယ်။



အဆိုပါ AWA လေကြောင်းလိုင်းဟာ ချင်းမိုင်ကနေ ပုဂံထိ ဆက်လက်ပျံသန်းသွားမှာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ မန္တလေး လေဆိပ်မှာ ပထမရပ်နားခိုက် ဗီဇာ တုံးရိုက်ခြင်းများဆောင်ရွက်ပေး မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လေကြောင်းလိုင်းဆိုင်ရာ လေ့လာသူတဦးရဲ့ အဆိုအရ အခု AWA လေကြောင်းလိုင်း အပြင် ရန်ကုန်- ချင်းမိုင် တိုက်ရိုက်ပျံသန်းပြေးဆွဲမယ့်နောက်ထပ် လေကြောင်းလိုင်းတခုက စီစဉ်နေတယ်လို့  သိရပါ တယ်။
လာမယ့် အောက်တိုဘာ လ လောက်က စတင်ကာ မန်းရတနာပုံလေကြောင်းလိုင်းက အဆိုပါ ရန်ကုန်- ချင်းမိုင် တိုက်ရိုက် ခရီးစဉ်များကို ပြေးဆွဲသွားဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဧရာဝတီက သီးခြား အတည်ပြုလို့ မရသေးပါဘူး။



အိမ့်သံစဉ်
Irrawaddy