ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူများ သိရှိသင့်သည့်"အချက်များ

ပို့စ်တင်ချိန် - 1/11/2014 06:00:00 AM

နိုင်ငံတော်အနေဖြင့် အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ်နိုင်ရေး၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးနှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ခံစားခွင့်ရရှိနိုင်ရေးအတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည်။ ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား တရားဝင် စေလွှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အေဂျင်စီ စုစုပေါင်း ၁၈၂ ခုကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်အတွက် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကို ၂ဝ၁၃ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ အေဂျင်စီများ စာရင်းနှင့် ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ သတင်းများကို www.mol.gov.mm တွင် ကြည့်ရှုနိုင်သည်။ ထို့ပြင် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန်နှင့် အလုပ်သမားအရေးများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင် အလုပ်သမားသံအရာရှိ တစ်ဦးစီကို ခန့်အပ်ထားပြီး ဖြစ်သည်။ ပြည်ပသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မည်ဆိုပါက အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်စာချုပ် (Employment Contract) ချုပ်ဆိုရန် လိုအပ်သည်။ အဆိုပါ စာချုပ်တွင် စာချုပ် သက်တမ်း၊ လုပ်ခလစာ၊ အချိန်ပိုလစာ၊ လစာထုတ်ရက်၊ အလုပ်အမျိုးအစား၊ နေရာထိုင်ခင်း၊ ရေမီးစရိတ်၊ စားသောက်စရိတ်၊ ဆေးကုသခွင့်၊ ခရီးသွားလာခွင့်၊ ဝန်ဆောင်မှု ကုန်ကျစရိတ်၊ ဝတ်စုံစရိတ်၊ အလုပ်သမားများ မှ လိုက်နာစောင့်ထိန်းရမည့် အချက်များနှင့် အခြားအထွေထွေအချက်များ ပါဝင်သည်။ အလုပ်ရှင်နှင့် အလုပ်သမားများ အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။ ထို့ပြင် အလုပ်သမားများသည် စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ အလုပ်လုပ်ရမည်ဖြစ်ပြီး စာချုပ်သက်တမ်း မကုန်ဆုံးမီ အလုပ်ဆက်မလုပ်ကိုင်ပါက စာချုပ်စည်းကမ်းများနှင့်အညီ အလုပ်ရှင်အား ပြန်လည်ပေးလျော် ရမည် ဖြစ်သည်။ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အဆိုပါအလုပ်တွင် ဆက်လက် အလုပ်လုပ်ကိုင် လိုပါက စာချုပ်ထပ်မံချုပ်ဆိုရန် လိုအပ်သည်။ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ အလုပ်လုပ်ကိုင်ခဲ့သော အလုပ်သမားအတွက် အပြန်စရိတ်အား အလုပ်ရှင်မှ တာဝန်ယူရမည် ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ်တွင် ပါရှိသည်။ ထို့ကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနေဖြင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ်ကို လက်မှတ်မရေးထိုးမီ သေချာစွာဖတ်ရှုပြီး မိမိသဘောတူ ကျေနပ်မှသာ လက်မှတ်ရေးထိုးရန်နှင့် အလုပ်သမား အခွင့်အရေးများ တရားဝင် ရရှိရန်အတွက် ပြည်ပတွင် သွားရောက် လုပ်ကိုင်လိုသော အလုပ်သမားများအနေဖြင့် လိုင်စင်ရ အေဂျင်စီများနှင့်သာ ဆက်သွယ် ဆောင်ရွက်ရန်နှင့် ကြားပွဲစားများဖြင့် ဆောင်ရွက်ခြင်း လုံးဝမပြုမိရန် သတိပြုရမည် ဖြစ်သည်။ ထို့ပြင် အလုပ်သမားများ အနေဖြင့် သတင်းအချက်အလက်များ သိရှိလိုလျှင်သော် လည်းကောင်း၊ အခက်အခဲ တစ်စုံ ပေါ်ပေါက်လာလျှင်သော် လည်းကောင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လက်အောက်ရှိ ရွှေ့ပြောင်း လုပ်သားဌာနခွဲ Complaint Mechanism များနှင့် သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမား သံအရာရှိများ၏ ဖုန်းနံပါတ်များဖြင့် ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲ (နေပြည်တော်) ဝ၆၇-၄၃ဝ၁၈၃၊ ၄၃ဝ၁၈၅၊ Complaint Mechanism (နေပြည်တော်) ဝ၆၇-၄၃ဝ၁၈၄၊ ၄၃ဝ၂၈၄၊ Complaint Mechanism (ရန်ကုန်) ဝ၁-၆၅ဝဝ၈၉၊ ၆၅ဝ၁၈၇၊ အလုပ်သမား သံအရာရှိ (ကိုရီးယား သမ္မတနိုင်ငံ) ဖုန်း-ဝဝ၅၂ဝဝ၃၇၉၉၄၆၉ဝ၊ အလုပ်သမား သံအရာရှိ (ထိုင်းနိုင်ငံ) ဖုန်း-ဝဝ၆၆၈၆၇၇၄၆၈၂၅၊ အလုပ်သမား သံအရာရှိ (မလေးရှားနိုင်ငံ) ဖုန်း-ဝဝ၆ဝ၁ဝ၂၅၉၇၇၅ဝ တို့ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

khit lu nge