ဟံသာဝတီအဝိုင်းဖျက်၍ မီးပွိုင့်တပ်ရန် စစ်တမ်းကောက်

ပို့စ်တင်ချိန် - 1/14/2014 07:00:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံတစ်ခုဖြစ်သော ပြည်လမ်း ဟံသာဝတီအဝိုင်း နေရာကို ဖျက်သိမ်း၍ မီးပွိုင့် ထားရှိနိုင်ရန် ဇန်နဝါရီလ ပထမပတ်အတွင်း စတင်၍ ယာဉ်သွားလာမှု စစ်တမ်းကို သုံးလကြာကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဝိုင်းနေရာမှာ လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်ချိန်မှ စတင်ကာ ယာဉ်ကြောပိတ်ဆို့မှု များပြားလာသောကြောင့် ဟံသာဝတီအဝိုင်း နေရာတွင် မီးပွိုင့်စနစ် အစားထိုးနိုင်ရန်၊ မီးပွိုင့်စနစ် ထားပါက ယာဉ်သွားလာမှုနှင့် ကိုက်ညီသော အချိန် သတ်မှတ်ထားရှိရန် အတွက် စစ်တမ်းကောက်ခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဟံသာဝတီအဝိုင်း နေရာတွင် မီးပွိုင့် ပြောင်းလဲတပ်ဆင်မည် ဆိုပါက ယာဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်သော်လည်း မီးပွိုင့် အချိန် မှန်ကန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင် နိုင်ပါက ပုံမှန်အတိုင်း ယာဉ်ကြောပိတ်ဆို့မှု ထပ်မံဖြစ်ပွားမည် ဖြစ်ကြောင်း အငှားယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော်ရှိသူ ဦးမြင့်နိုင်က ပြောဆိုသည်။

ဟံသာဝတီအဝိုင်းတွင် စစ်တမ်း ကောက်ယူမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ဆောင်ရွက်လျက် ရှိပြီး စစ်တမ်းကောက်ယူမှု ပြီးစီးပါက အချက်အလက် အပြည့်အစုံကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆိုမှုများကို လျှော့ချနိုင်ရန် လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား ခုံးကျော်တံတား သုံးစင်းကို ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သော်လည်း ရန်ကုန် မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်မြို့အဝင် အမှတ် (၃) လမ်းမ (သုဓမ္မာလမ်း) ပေါ်ရှိ မြောက်ဥက္ကလာပ အဝိုင်းကို ယခင်အစိုးရ လက်ထက်တွင် ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆိုမှုမှာ ပိုမိုဖြစ်ပွားလာခဲ့ ကြောင်း ဒေသခံများနှင့် အငှားယာဉ်မောင်း များက ပြောကြားသည်။

"အဝိုင်းမရှိတဲ့ နေရာတွေမှာလည်း ပိတ်နေတာပါပဲ။ ယာဉ်ကြောပိတ်တိုင်း အဝိုင်းနဲ့ မဆိုင်ပါဘူး။ အဝိုင်းက မီးပွိုင့်နဲ့ သဘောတရား အတူတူပဲလေ" ဟု အင်းစိန်-ဆူးလေ ပြေးဆွဲနေသော မထသ အမှတ် (၄၈) အထူးယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
The Voice Weekly