ပုပ်ရဟန်းမင်း မြန်မာနိုင်ငံသို့ ကြွရောက်ရန် ဖိတ်ကြား

ပို့စ်တင်ချိန် - 1/19/2014 03:45:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပုပ်ရဟန်းမင်း ဖရန်စစ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ၌ သုံးရက်တာ ကျင်းပမည့် ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်သို့ ကြွရောက်ပေးပါရန် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ် လူထုဆက်ဆံရေး ကော်မရှင် အတွင်းရေးမှူး ဦးဖေဘီယန်မြင့်မောင်က ပြောကြားသည်။

အဆိုပါ နှစ် (၅၀၀) ပြည့်ပွဲတော်သို့ ကြွရောက် ချီးမြှင့်ပေးပါရန် မြန်မာပြည် ကက်သလစ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ်က ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ဗာတီကန်နန်းတော်သို့ တရားဝင် ဖိတ်ကြားလွှာ ပေးပို့ခဲ့ပြီး ယခုချိန်ထိ ပုပ်ရဟန်းမင်းကြီး လာရောက်မှု ရှိ မရှိကို မသိရသေးကြောင်း ၎င်းကဆိုသည်။
“ကက်သလစ် ပုပ်ရဟန်းမင်းကြီး ၂၆၆ ပါး ပြောင်းသွားခဲ့ပေမယ့် တစ်ပါးမှ မြန်မာပြည်ကို မရောက်ဖူးသေးဘူး။ အခု တစ်ခေါက်လုပ်မယ့် နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်းမင်းကြီး လာရောက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မြန်မာပြည် ကက်သလစ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ် လူထုဆက်ဆံရေး ကော်မရှင် အတွင်းရေးမှူး ဦးဖေဘီယန်မြင့်မောင်က ဆိုသည်။

မြန်မာနိုင်ငံသို့ ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက်နိုင်ခြင်းရှိ မရှိကို အောက်တိုဘာလတွင် ပြန်ကြားမည်ဟု သိရှိပြီး ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားလှယ်အဖြစ် အခြား ဘုန်းတော်ကြီး တစ်ပါးကို စေလွှတ်မည်ဟု ဗာတီကန် နန်းတော်က ပြောကြားထားကြောင်း မြန်မာနိုင်ငံ ကက်သလစ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

ခရစ်သက္ကရာဇ် ၁၅၁၁ ခုနှစ်တွင် ပဲခူးမြို့သို့ Ruy Nunez d’Acunha ဦးဆောင်သော ပေါ်တူဂီသံအဖွဲ့ ရောက်ရှိခဲ့ရာမှ ကက်သလစ် သာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နှစ် ၅၀၀ ပြည့်ခဲ့ကာ ယခုနှစ်နိုဝင်ဘာ ၂၁ မှ ၂၃ ရက်နေ့အထိ နှစ် (၅၀၀) ပြည့်ပွဲတော် ကျင်းပမည် ဖြစ်သည်။
The Voice Weekly Myanmar