ပြည်ပတင်သွင်း မော်တော်ယာဉ်များကို ပိုင်ရှင်များကိုယ်တိုင် ဆိပ်ကမ်းတွင်း ဝင်ရောက် စစ်ဆေးခွင့်ပေးမည်

ပို့စ်တင်ချိန် - 1/04/2014 09:45:00 AM


ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို မော်တော်ယာဉ်တင် သင်္ဘောများ ဆိပ်ကမ်းသို့ ရောက်ရှိချိန်၌ ယာဉ်ပိုင်ရှင်များကိုယ်တိုင် ဆိပ်ကမ်းအတွင်းသို့ ဝင်ရောက် စစ်ဆေးခွင့်ပြုပေးမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။ “သင်္ဘောပေါ်က ကားကို ဆိပ်ကမ်းအတွင်းကို ထုတ်ယူလာတဲ့အချိန်မှာ ယာဉ်ပိုင်ရှင် ဒါမှမဟုတ် ကိုယ်စားလှယ်တွေက ကားကို စစ်ဆေးနိုင်အောင် ခွင့်ပြုပေးသွားမယ်။ အဲဒီအချိန်မှာ ကိုယ့်ကားက မှာယူထားတဲ့ အချိန်ကနဲ့ မတူတာမျိုး ဖြစ်နေရင် သင်္ဘောက တာဝန်ရှိသူကို ချက်ချင်းပြောလို့ရတယ်။ ပြီးရင် ဆိပ်ကမ်းထဲ ကားရောက်ပြီးလို့ ကားထုတ်တဲ့အချိန်မှာ ကားကပျက်စီးတာမျိုး ဖြစ်နေရင်လည်း ဆိပ်ကမ်းက တာဝန်ရှိသူကို ချက်ချင်းပြောလို့ ရတယ်” ဟု ဝန်ကြီးဦးဥာဏ်ထွန်းအောင်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် ကျင်းပသည့် မော်တော်ယာဉ်များ ဆိပ်ကမ်းတွင်းမှ ထုတ်ယူရာတွင် ပစ္စည်းများ လျော့နည်းပျောက်ဆုံးမှု မရှိစေရေး ဆောင်ရွက်မှုအခြေအနေအား တင်ပြသည့် အခမ်းအနားတွင် ပြောကြားသည်။ “ကားအပျက်အစီးတွေက ဆိပ်ကမ်းကြောင့် ဖြစ်ရတာဆိုပြီး ပြောနေကြတယ်။ အဲ့ဒါကြောင့် ဇန်နဝါရီ (၃) ရက်နေ့ကစပြီး ကားတင်သွင်းသူတွေ ကိုယ်တိုင်ဆိပ်ကမ်းအတွင်း ပေးဝင်ပြီး စစ်ဆေးခွင့် ပြုပေးသွားမယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲတာဝန်ခံ) က ဆိုသည်။ နိုင်ငံတော်မှ မော်တော်ယာဉ်များအား အထူးအစီအစဉ်ဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှစ၍ တင်သွင်းခွင့်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပမှ ကားအစီးရေ (၂၃၁၆၀၈) စီး တင်သွင်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆိပ်ကမ်းအတွင်း ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များ၌ ပစ္စည်းပျောက်ဆုံးမှုများ ရှိနေပြီး ယင်းအခြေအနေများကို ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်ချပေးသွားမည်ဖြစ်ကြောင်း ပြည်ပမှ သင်္ဘောဖြင့် ကားများ သယ်ဆောင်လာသည့်အခါ နိုင်ငံတော်ပိုင် ဆူးလေဆိပ်ခံတံတား အပါအဝင် ပုဂ္ဂလိက ဆိပ်ခံတံတား (၆) ခု၌ ဆိုက်ကပ်လျက် ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge